တောင်းဆိုလွှာ လှုပ်ရှားမှု လူငယ် ကွန်ယက် ဦးဆောင်

  • 18 ဧပြီ 2011

မြန်မာ နိုင်ငံ တဝန်း အကျဉ်း ထောင်တွေ မှာ ရှိနေကြတဲ့ နိုင်ငံရေး အကျဉ်းသား တွေကို လွှတ်ပေးဖို့၊ ပြည်တွင်းစစ် ရပ်စဲဖို့၊ ပြည်ပရောက် နိုင်ငံသားတွေ အားလုံး မြန်မာ နိုင်ငံတွင်းကို လုံခြုံ စိတ်ချစွာ ပြန်လာ နိုင်ရေး အခြေ အနေ ကောင်းတွေ ဖန်တီးပေးဖို့ စတာတွေ အတွက် တောင်းဆိုလွှာ လက်မှတ် ရေးထိုးတဲ့ လှုပ်ရှားမှု တစ်ရပ်ကို တနင်္ဂနွေ နေ့က မြန်မာ နိုင်ငံ တွင်းမှာ စတင်ခဲ့ ပါတယ်။

Image caption ဒီမိုကရေစီ ကွန်ယက်ကြီးကနေ နိုင်ငံရေး ပြောင်းလဲ ဖို့ စတင် လုပ်ဆောင်နေ

လက်မှတ် ရေးထိုးခဲ့ကြသူတွေ ထဲမှာ ဝါရင့် နိုင်ငံရေး သမားကြီးတွေအပြင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦးနဲ့ ဦးဝင်းတင်တို့ လည်း ပါဝင်တယ်လို့ အဲဒီ လှုပ်ရှားမှုကို ဦးဆောင်တဲ့ လူငယ် ကွန်ယက်က ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဖြိုးမင်းသိန်းက ဘီဘီစီကို ပြောပါတယ်။

၁၉၈၈ ခုနှစ် နိုင်ငံရေး လှုပ်ရှားမှုက စတင်ပြီး နိုင်ငံရေး ထဲမှာ ပါဝင်လှုပ်ရှား လာကြသူတွေကို လက်မှတ် တွေ စတင် ကောက်ခံတာ ဖြစ်ပြီး ပြည်သူ လူထုရဲ့ အသံကို ကြားသိ ရအောင် မကြာခင်မှာ တိုင်းနဲ့ ပြည်နယ်တွေက ပြည်သူတွေဆီ သွားပြီး ရယူ စုဆောင်းမယ်လို့ လည်း သူက ပြောပါတယ်။

လွှတ်တော်တွင်းမှာ ရွေးကောက်ခံ ကိုယ်စားလှယ် တွေရဲ့ တင်ပြ တောင်းဆိုချက် တချို့ကို လက်ခံ ဆွေးနွေးခြင်း မရှိခဲ့တဲ့ ဖြစ်ရပ်တွေ ရှိခဲ့ ပေမဲ့ အခုတော့ ပြောင်းလဲ လာတဲ့ အခြေ အနေ အရ အစိုးရသစ်က အကောင်းဘက်ကို ရှေးရှုပြီး လုပ်ဆောင် လိမ့်မယ် လို့ မျှော်လင့် ကြောင်းလည်း ဦးဖြိုးမင်းသိန်းက ပြောပါတယ်။

အခု လှုပ်ရှားမှုဟာ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် အကျယ်ချုပ် ကနေ ပြန်လွတ် လာလာချင်း ဒီမိုကရေစီ ကွန်ယက်ကြီး ထူထောင်ပြီး အဲဒီကနေ မြန်မာ့ နိုင်ငံရေးကို ပြောင်းလဲဖို့ ကြိုးစား ကြမယ် ဆိုတဲ့ အကြံပြုချက်အတိုင်း အခု လှုပ်ရှားမှု စတင်တာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။

အခု ရုံးပိတ်ရက်ကာလ အတွင်း စုဆောင်းလို့ ရသမျှ လက်မှတ် တွေကို နိုင်ငံတော် သမ္မတ ရုံးကို ပေးပို့ သွားမှာ ဖြစ်ပြီး တိုင်းနဲ့ ပြည်နယ် အသီးသီးကို ကွင်းဆင်း ကောက်ခံမယ့် အချိန်ကာလကို တော့ ရက် သုံးဆယ် သတ်မှတ် ထားတယ်လို့ သူက ဆက်ပြော ပါတယ်။

လက်မှတ် အရေ အတွက် ဘယ်လောက် ရအောင် ကောက်ယူမယ် ဆိုတာထက် ကျယ်ပြန့်တဲ့ လှုပ်ရှားမှု တစ်ရပ် အရ လူထု အသံအဖြစ် ပေါ်ထွက်လာအောင် လုပ်ဆောင်ဖို့ ရည်ရွယ်တယ် လို့လည်း ဦးဖြိုးမင်းသိန်းက ပြောပါတယ်။