အီးယူက ရှမ်းပြည် ငလျင်ဘေး အတွက် ငွေလှူ

  • 19 ဧပြီ 2011

အီးယူ ဥရောပ သမဂ္ဂက မတ်လ ၂၄ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ မြေငလျင်ဒဏ် ခံခဲ့ကြရတဲ့ ရှမ်းပြည်နယ် တာချီလိတ် မြို့နယ် အတွင်းက ပြည်သူတွေ အတွက် ကယ်ဆယ်ရေး အကူအညီ အဖြစ် ယူရိုငွေ ခြောက်သောင်း နှစ်ထောင်ကျော် လှူဒါန်းမယ်လို့ ထုတ်ပြန် လိုက်ပါတယ်။

ဓာတ်ပုံ မူပိုင် afp
Image caption ငလျင်သင့် ဒက္ခသည်တွေမျာ အမိုးအကာ အဓိက လိုအပ်နေ

ဒီလဆန်းပိုင်းက ကုလသမဂ္ဂ၊ မြန်မာ ကြက်ခြေနီ အဖွဲ့နဲ့ တခြား အန်ဂျီအို အဖွဲ့တို့ စုပေါင်း အကဲဖြတ်ချက်တွေ အရ ဒုက္ခသည်တွေမှာ နေစရာ၊ စားစရာနဲ့ ရေ လိုအပ်နေ တုန်း ဖြစ်တာကို တွေ့ရှိရ ပါတယ်။

အခု အီးယူက လှူမယ့် ငွေတွေကို နိုင်ငံတကာ ကြက်ခြေနီ အဖွဲ့ကနေ တဆင့် ငလျင်ဒဏ်သင့် ပြည်သူတွေ အတွက် အမိုးအကာ ပေးရေးနဲ့ အရေးပေါ် လိုအပ် ချက်တွေကို ပံ့ပိုး ပေးဖို့ သုံးမှာ ဖြစ်ပါတယ်။

ငလျင် ဒဏ်သင့် ဒေသကို သွားရောက် အကူ အညီတွေ ပေးနေတဲ့ ပြည်တွင်း အန်ဂျီအို အဖွဲ့ တစ်ခု ဖြစ်တဲ့ မင်္ဂလာ မြန်မာ အဖွဲ့က ဒေါက်တာ ဖုန်းဝင်း ကတော့ ငလျင်သင့် ဒေသတွေက ပြည်သူ တွေမှာ အမိုးအကာ မရကြသေး သူတွေ အများကြီး ရှိနေသေးပြီး ရွက်ဖျင်တဲ တွေလည်း အများကြီး လိုအပ် နေသေးတယ်လို့ ပြောပါတယ်။

အဲဒီ ဒုက္ခသည်တွေ အတွက် ပြန်လည် တည်ဆောက်ရေး လုပ်ငန်းတွေ လုပ်ဆောင် ပေးဖို့လိုအပ်နေသေး တာကြောင့် အခု အီးယူက လှူဒါန်းတဲ့ ပမာဏဟာ သိပ်နည်းပါး လွန်း နေတယ်လို့ မင်္ဂလာ မြန်မာ အဖွဲ့က ပြောပါတယ်။