ရခိုင်ကမ်းနီး ငါးဖမ်းကွက်တွေ လေလံပစ်မယ်ဆို

  • 20 ဧပြီ 2011
Fishing ဓာတ်ပုံ မူပိုင် AP
Image caption အာရှနိုင်ငံတွေမှာ ငါးဖမ်းလုပ်ငန်းကနေ ဆင်းရဲသား တွေ အဓိက ဝင်ငွေရနေတာပါ

ရခိုင်ပြည်နယ် အစိုးရသစ်က ရခိုင်ပြည်နယ်တွင်းမှာ ရှိတဲ့ ကမ်းနီး ငါးဖမ်း လုပ်ကွက်တွေနဲ့ မြစ်ချောင်း တွေမှာ ငါးဖမ်းခွင့်ကို ဧပြီလ ၂၉ ရက်နေ့ကျရင် လေလံ ပစ်မှာဖြစ်တယ် လို့ပြောကြောင်း ဒေသခံငါးဖမ်းစက်လှေ ပိုင်ရှင်တွေက ပြောပါတယ်။

အရင် အစိုးရ လက်ထက်တုန်းက လုပ်ခဲ့သလို လေလံစံနစ်နဲ့ လုပ်ငန်းရှင်တွေကို လုပ်ကိုင်ခွင့်ပေးမှာ ဖြစ်တဲ့အတွက် ဒေသခံတွေက အဲဒီနေရာတွေမှာ တနပ်စာတောင် ငါးဖမ်းခွင့်မရှိဘဲ ပိတ်ပင်ခံရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

စစ်အစိုးရတက်လာတဲ့ ၁၉၈၈ ခုနှစ်ကတည်းက မြစ်ချောင်းနဲ့ ငါးဖမ်းကွက်တွေကို အပိုင်းလိုက် လုပ်ကွက်တွေသတ်မှတ်ပြီး လေလံစံနစ်နဲ့ လုပ်ပိုင်ခွင့်ပေး လာတာဖြစ်ပါတယ်။

အခုလို လုပ်ငန်းရှင်တွေကို လုပ်ပိုင်ခွင့်ပေးလိုက်တဲ့ အတွက် တဝမ်းတခါးအတွက် ရုန်းကန်နေရတဲ့ သာမန် ပြည်သူတွေ ဒုက္ခရောက်ရတာကြောင့် ဒေသခံ ပြည်သူတွေက လေလံ စံနစ်ကို မလိုလားကြဘူးလို့ ဆိုပါတယ်။

အစိုးရသစ်က အာဏာလွှဲပြောင်းယူခဲ့တယ် ဆိုပေမယ့် တကယ်တမ်းမှာ အရင်က လုပ်နည်းလုပ်ဟန်တွေ အတိုင်း မပြောင်းလဲဘဲ ဆက်ရှိနေတာအပေါ် စိတ်မကောင်း ဖြစ်မိကြောင်း ဒေသခံပြည်သူတွေက ဘီဘီစီကို ပြောပါတယ်။