ပြင်သစ်အကြံပေးအဖွဲ့ လစ်ဗျားကို လွှတ်ဖို့ရှိ

  • 20 ဧပြီ 2011
Lybia
Image caption အကြံပေးအဖွဲ့ စေလွှတ်တာဟာ အရပ်သားတွေကို ကာကွယ်ဖို့လို့ဆို

ပြင်သစ်နဲ့ အီတလီ နိုင်ငံတွေက လစ်ဗျားသူပုန်တွေကို အကူညီ ပေးဖို့အတွက် ဗြိတိန်နိုင်နဲ့ အလားတူ စစ်ဖက် အကြံ ပေး အရာရှိ အနည်းငယ်ကို လစ်ဗျားနိုင်ငံဆီ စေလွှတ်မှာ ဖြစ်ကြောင်း ထုတ်ပြန် ကြေညာ ခဲ့ကြပါတယ်။

ပြင်သစ် အစိုးရ ပြောခွင့်ရသူ Francois Baroin က ကြားဖြတ် အမျိုးသားကောင်စီနဲ့ လက်တွဲ အလုပ်လုပ်ဖို့ အကြံပေး အရာရှိ အနည်းငယ်ကို စေလွှတ်မယ်လို့ ပြောပါတယ်။

ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ ဆုံးဖြတ်ချက် အမှတ် ၁၉၇၃ ကို တိတိကျကျ လိုက်နာပြီး အခုလို လူနည်းနည်းဘဲလွှတ်ဖို့ စီစဉ်တာပါ လို့လည်း သူက ပြောပါတယ်။

ဒါပေမယ့် ဥရောပ အင်အားကြီး နိုင်ငံတွေဟာ သူပုန်တွေကို ကူညီနိုင်ဖို့အတွက် ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်ကို တတ်နိုင်သမျှ ပိုပြီး ကျယ်ပြန့်အောင် အဓိပ္ပါယ် ကောက်ယူ နေကြတယ်လို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

သူပုန်တွေ ဖွဲ့စည်းထားတဲ့ ကြားဖြတ် အမျိုးသား အစိုးရအဖွဲ့ ခေါင်းဆောင်နဲ့ ပဲရစ်မြို့မှာ တွေ့ဆုံပြီးတဲ့နောက် လေကြောင်းကတိုက်ခိုက်မှုတွေကို တိုးမြှင့် ဆောင်ရွက်သွားမယ်လို့ ပြင်သစ် သမ္မတ နီကိုလပ် ဆာကိုဇီ ကပြောပါတယ်။

ဗြိတိန်နိုင်ငံက လစ်ဗျားသူပုန်တွေရဲ့ အဓိကနေရာဖြစ်တဲ့ ဘန်ဂါဇီ (Benghazi) မြို့ကို စစ်ဖက်ဆိုင်ရာ အဖွဲ့တခု စေလွှတ်မှာ ဖြစ်ကြောင်း အင်္ဂါနေ့တုန်းက ကြေညာ ခဲ့ပါတယ်။