မြဝတီ ကော့ကရိတ်လမ်းအတွက် ထိုင်းက ဘတ် သန်း ၁၀၀၀ ကူမည်

  • 20 ဧပြီ 2011
ဓာတ်ပုံ မူပိုင် burmese

ထိုင်းအစိုးရ ဟာ ထိုင်း၊မြန်မာ နယ်စပ် မဲဆောက်မှာ အထူး စီးပွား ရေးဇုံ တည်ဆောက်ဖို့ ကြိုးစား ဆောင်ရွက် တဲ့အနေနဲ့ မြ၀တီ မဲဆောက် ကူးတဲ့ လက်ရှိ ချစ်ကြည်ရေး တံတားကို ပြင်ဖို့ နဲ့ မြဝတီနဲ့ ကော့ကရိတ် ကြားမှာ အဝေးပြေး ကားလမ်း ဖေါက်လုပ်ဖို့ ထိုင်းအစိုးရ က ဘတ်ဂျတ်ငွေ ခွင့်ပြု လိုက်ပြီ လို့ တာခ် ခရိုင် ဒုတိယ အုပ်ချုပ်ရေးမှူး နိုင် ဝုဒ် ဆစ်ထိ ဆူရတ် က ပြောပါတယ်။

မြဝတီ မဲဆောက်လမ်း ဟာ ထိုင်းနဲ့ မြန်မာ စီးပွားရေး အတွက်သာ မက အာဆီယံ နိုင်ငံတွေကနေ ထိုင်း မြန်မာ နှစ်နိုင်ငံကို ဖြတ်ပြီး ပါကစ္စတန် အရှေ့ အလယ်ပိုင်း နိုင်ငံတွေက တဆင့် ဥရောပတိုက် စပိန်နိုင်ငံအထိ ကုန်းလမ်းကနေ သွားနိုင်ဖို့ ရည်ရွယ်တာ ကြောင့် East West Economic Corridor အရှေ့ အနောက် စီးပွားရေး ပေါင်းကူး တံတားလို့ လည်း ခေါ်ဝေါ်ကြပါတယ်။

ဒီလမ်းဟာ ထိုင်းနိုင်ငံ အတွက်သာ အကျိုးဖြစ်ထွန်းမှာ မဟုတ်ဘဲ မြန်မာ အတွက်လည်း အကျိုး ဖြစ်ထွန်းစရာ အလားအလာ အများအပြား ရှိတဲ့ အတွက် မြန်မာ ဘက် ကလည်း လက်ခံနိုင်ဖွယ်ရှိပါတယ်။

နိုင်ငံရေး ပြဿနာ တွေကို အကြောင်းပြုပြီး ချစ်ကြည်ရေး တံတား ခဏခဏ ပိတ်ရတာမျိုးကိုလည်း နောက်နောင် မဖြစ်အောင် နှစ်နိုင်ငံ ညှိနှိုင်း ဆောင်ရွက် ကြလိမ့်မယ် လို့ ယူဆ ကြပါတယ်။