ရှမ်းနိုင်ငံရေး အကျဉ်းသားတွေကို ရှမ်းNLDက ကူ

  • 21 ဧပြီ 2011
NLD
Image caption နိုင်ငံရေး အကျဉ်းသား မိသားစုဝင်တွေကို NLDက လစဉ် ငွေထောက်ပံ့

ရှမ်းပြည်နယ်တွင်းက နိုင်ငံရေး အကျဉ်းသား မိသားစုဝင်တွေအတွက် တောင်ကြီး အခြေစိုက် ရှမ်းပြည်နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLDက ငွေကြေး အကူအညီတွေ လစဉ် စထောက်ပံ့ ပေးဖို့ စီစဉ်နေပါတယ်။

ရှမ်းပြည် ဒေသခံ နိုင်ငံရေး အကျဉ်းသား စုစုပေါင်း ၂၃ဦးအတွက် တလ ကျပ်ငွေ ၅ထောင်နှုန်းနဲ့ ထောက်ပံ့ ကူညီမှာ ဖြစ်တယ်လို့ တောင်ကြီးမြို့ NLD အတွင်းရေးမှူး ဒေါ်ခင်မိုးမိုးက ဘီဘီစီကို ပြောပါတယ်။

အဲဒီ နိုင်ငံရေး အကျဉ်းသား အများစုဟာ ထောင်ဒဏ် နှစ်ရှည် ကျခံ နေရသူတွေ ဖြစ်တယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ် ဘူးသီးတောင်လို ဝေးလံ ခေါင်သီတဲ့ အရပ်မှာ ရှိတဲ့ အကျဉ်းထောင်မှာ အကျဉ်းကျနေကြတဲ့ ရှမ်းပြည် တောင်ပိုင်းနဲ့ မြောက်ပိုင်းက ဒေသခံ နိုင်ငံရေး အကျဉ်းသားတွေကို သွားရောက် တွေ့ဆုံနိုင်ဖို့ ခရီး အဆင့်ဆင့် သွားရတဲ့ အတွက် မိသားစုဝင်တွေမှာ ငွေကြေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရတယ်လို့ ဆိုပါတယ်။

နိုင်ငံရေး အကျဉ်းသား၂ဦးအတွက် လစဉ် ထောက်ပံ့ငွေကို ညောင်ရွှေ NLD က တာဝန်ယူ ထောက်ပံ့သလို လွိုင်လင် NLD နဲ့ ရပ်စောက် NLD ကလည်း နိုင်ငံရေး အကျဉ်းသား တစ်ဦးစီ အတွက် တာဝန်ယူ ထောက်ပံ့ပေး နေတယ်လို့လည်း ပြောပြပါတယ်။

ကျန်ငွေတွေကိုတော့ တောင်ကြီး NLD က ကမကထ လုပ် ထောက်ပံ့ပေးနေပြီး အမည် မဖေါ်လိုတဲ့ ပုဂ္ဂလိက အလှူရှင်တွေကလည်း ငွေထည့်ဝင်ကြတယ်လို့ ဒေါ်ခင်မိုးမိုးက ပြောပါတယ်။

အလားတူ ရန်ကုန်မြို့မှာ ရှိတဲ့ NLD ဌာနချုပ်ကလည်း မြန်မာနိုင်ငံ တဝှမ်းက နိုင်ငံရေး အကျဉ်းသား မိသားစုဝင်တွေအတွက် လစဉ် ငွေကြေး ထောက်ပံ့ ကူညီမှုတွေ လုပ်နေပါတယ်။