မြန်မာအစိုးရတပ်အတွင်းမှာ စစ်ရေးသတိရှိဖို့ နှိုးဆော်ထား

  • 21 ဧပြီ 2011

အရှေ့အလယ်ပိုင်းနဲ့ အာဖရိကနိုင်ငံတွေက နိုင်ငံရေးမတည်ငြိမ်မှုမျိုး မြန်မာပြည်မှာ ဖြစ်မလာအောင် စစ်ရေးသတိရှိထားကြဖို့ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကကကြည်း) ကနေ ဒီလဆန်းကပဲ တပ်တွင်းက တပ်မ၊ တပ်ရင်းတွေဆီကိုပေးပို့တဲ့ ညွှန်ကြားစာတွေမှာ ဖော်ပြထားတယ်လို့ သိရပါတယ်။

အာဖရိကနဲ့ အရှေ့အလယ်ပိုင်းပဋိပက္ခတွေမှာ အင်အားကြီးနိုင်ငံတွေက စစ်ရေးအရ ဝင်ရောက်စွက်ဖက်မှုများ ရှိတဲ့အတွက် ဒီအပေါ် သင်ခန်းစာယူကာ စစ်ရေးအရ သတိရှိရေး၊ တိုက်ပွဲဝင်မှုအသင့်ဖြစ်ရေး ဆောက်ရွက်ထားဖို့ ညွန်ကြားထားတယ်လို့ ကြေငြာချက်ကို ဖတ်ခဲ့ရတဲ့ ဧရာ၀တီ သတင်းဌာနက သတင်းထောက် ကိုဝေမိုးက ပြောပါတယ်။

နောက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD နဲ့ အစိုးရနဲ့ဆန့်ကျင်ဘက် နိုင်ငံရေးအဖွဲ့အစည်းတွေက တပ်တွင်း ဆက်သွယ်စည်းရုံးမှုတွေ မလုပ်နိုင်အောင် လုံခြုံရေးအမြင်နဲ့ လုပ်ဆောင်ထားကြဖို့ ညွှန်ကြားထားတယ်လို့လည်း သိရပါတယ်။

တပ်တွင်းမှာ အောက်ခြေနဲ့ အရာရှိငယ်အဆင့် တပ်သားတွေဟာ စားဝတ်နေရအခက်အခဲတွေ ကြုံကြရသလို ခေါင်းဆောင်ပိုင်းအပေါ် မကျေနပ်မှုတွေလည်း ရှိနေကြောင်း မကြာခင်လပိုင်းတွေက သတင်းတွေအရ သိရပါတယ်။

တပ်မတော်ခေါင်းဆောင်ပိုင်းက နိုင်ငံတကာလူထုလှုပ်ရှားမှုတွေနဲ့ဆက်စပ်ပြီး မြန်မာအပေါ် ရိုက်ခတ်မှာ အလွန်အမင်းစိုးရိမ်နိုင်ဖွယ်မရှိပေမယ့် ဒီလို ရန်သူတွေ ရှိနိုင်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ တပ်တွင်းစည်းရုံးရေးအတွက် လုပ်ဆောင်နေတာ ဖြစ်နိုင်ကြောင်း ကိုဝေမိုးက ပြောပါတယ်။

နောက်ပြီး တပ်တွင်းမှာ ဒေါ်အောင်ဆန်းစုကြည်ကို လေးစားကြည်ညိုသူတွေ ရှိနေတဲ့ သတင်းတွေ ရလို့လည်း NLD ရဲ့စည်းရုံးမှုတွေ တားဆီးဖို့ လုပ်တာ ဖြစ်နိုင်တယ်လို့ သူက သုံးသပ်ပါတယ်။

နောက်ပြီး မကြာခင်က တက်လာတဲ့ ကာကွယ်ရေးဦးစီးချုပ် အသစ်လက်ထက်မှာ တပ်တွင်းစည်းကမ်း ထိန်းသိမ်းရေးတွေ ပိုပြီး တင်းတင်းကျပ်ကျပ်လုပ်ဆောင်ဖို့လည်း ညွှန်ကြားချက်အသစ်တွေ ထွက်လာတယ်လို့ သိရပါတယ်။