ရှမ်းရွာသားများ တပ်ကဖမ်းဆီးရိုက်နှက်

  • 21 ဧပြီ 2011
ရှမ်းပြည်တပ်မတော် မြောက်ပိုင်း ဓာတ်ပုံ မူပိုင် SHAN
Image caption ရှမ်းပြည်တပ်မတော် မြောက်ပိုင်း

ရှမ်းပြည်မြောက်ပိုင်းကျောက်မဲခရိုင် တောဆန်မြို့နယ်မှာ မြန်မာအစိုးရ စစ်တပ်ကဒေသခံရွာသားတွေကို SSA တပ်မဟာ (၁) ၀မ့်ဟိုင်းအဖွဲ့နဲ့ ပက်သက် ဆက်သွယ်မှုလုပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးမှုတွေလုပ်နေတယ်လို့ သိရပါတယ်။

ကျောက်မဲမြို့ အနောက်မြောက်ဘက် မိုင် ၆၀ ကျော်လောက်မှာရှိတဲ့ တောဆန်မြို့နယ်က ဒေသခံအမျိုးသား ၁၀ ယောက်ကို SSA တပ်သားတွေနဲ့ ဆက်သွယ်မှုလုပ်တယ်၊ ထောက်ပံ့တယ်ဆိုပြီး အဲဒီဒေသဘက်မှာ သွားရောက်လှုပ်ရှားနေတဲ့ ကျောက်မဲအခြေစိုက် ခြေမြန်တပ်ရင်း (ခမရ) ၅၀၁ နဲ့ ၅၀၂ နဲ့ တခြား မိုးမိတ်၊ မိုးကုတ်နဲ့ နမ့်လန်မြို့နယ်ကလာတဲ့ တပ်သားတွေက အိမ်တိုင်ရာရောက် သွားရောက်ဖမ်းဆီးပြီး ရိုက်နှက်တယ်လို့ ဒေသခံတစ်ယောက်က ရှမ်းဘာသာနဲ့ ဘီဘီစီကိုပြောပါတယ်။

သူတို့ပြောတာတော့ ရှမ်းတပ်ဖွဲ့နဲ့ ဆက်သွယ်လို့ဖမ်းတာဖြစ်တယ်လို့ပြောတာပဲ။ ဘာအကြောင်းကြောင့်တော့ ကျနော်တို့လဲမသိဘူး။ အဲဒါ ညောင်ပန်လှရွာက ရွာသူကြီးတစ်ယောက်ပါတယ်။ နောက်ပြီး ဒေသခံ ရွာသား ၂-၃ ယောက်ဖမ်းသွားတယ်။ အခု သူတို့ဖမ်းသွားတဲ့လူတွေ ကျောက်မဲရဲစခန်းမှာရှိနေပါတယ်။ အခုလို အခြေအနေက ရှုပ်ထွေးတော့ရွာထဲကဒေသခံတွေလဲအရမ်းစိုးရိမ်ကြောက်လန့်နေကြတယ်လို့ဒေသခံတစ်ယောက်ပြောပြသွားတာပါ။

အဲဒီဖမ်းဆီးထားတဲ့ ၁၀ ယောက်ထဲမှာ အသက် ၇၀ အရွယ်တွေလဲပါတယ်လို့သိရပါတယ်။ သူတို့တွေကို ပြီးခဲ့ ဧပြီလ ၇ ရက်နေ့နဲ့ ၁၃ ရက်နေ့ကြားမှာ ဖမ်းဆီးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

အဲဒီ ၁၀ ယောက်ထဲက ၂ ယောက်ကိုတော့ ပြန်လွတ်ပေးပြီး ကျန်တဲ့ ၈ ယောက်ကတော့ ကျောက်မဲ ရဲစခန်းမှာ ဒီကနေ့အထိ ဖမ်းဆီးခံထားရတုန်းပဲဖြစ်ပါတယ်။ သူတို့တွေကို အာဏာပိုင်တွေက စစ်ဆေးမေးမြန်းတဲ့အချိန်မှာ ရိုက်နှက်စစ်ဆေးလို့ ခန္ဒာကိုယ်တွေမှာ ဒဏ်ရာရနေကြတယ်လို့ သိရပါတယ်။