အရပ်သားဖြစ်လို့ မြန်မာ သံအမတ် ကနေဒါ အစိုးရ လက်ခံ

  • 22 ဧပြီ 2011

ကနေဒါ နိုင်ငံ ဆိုင်ရာ မြန်မာ သံအမတ်သစ် အဖြစ် အရပ်သား ဝါရင့် သံတမန် တဦး ဖြစ်တဲ့ ဦးကျော်တင်ကို ခန့်အပ်လိုက်တာကို ကနေဒါ ဘုရင်ခံချုပ်က လက်ခံလိုက်ပါပြီ။

မြန်မာ စစ်အစိုးရ လက်ထက် ၂ဝဝ၄ ခုနှစ် ကတည်းက စစ်ဗိုလ် သံအမတ်တွေ ခန့်အပ်တာကို ကနေဒါ အစိုးရက ငြင်းဆန် နေခဲ့တာ ဖြစ်ပါတယ်။

အခုလို စစ်ဗိုလ် မဟုတ်တဲ့ အရပ်သား သံအမတ် တဦးကို ခန့်အပ်တာနဲ့ အစိုးရသစ် တက်လာ တာတွေကြောင့် ကနေဒါ အစိုးရက လက်ခံလိုက်တာ ဖြစ်နိုင်တယ်လို့ ကနေဒါ အခြေစိုက် ဒီမိုကရက်တစ် မြန်မာနိုင်ငံ ပေါ်ပေါက်ရေးအဖွဲ့ ADDB ရဲ့ ဒါရိုက်တာ ဦးဟန်ယောင်ဝေ က ပြောပါတယ်။

ဓာတ်ပုံ မူပိုင် others
Image caption ကနေဒါအခြေစိုက် ADDB က ဦးဟန်ယောင်ဝေ

အရင် သံအမတ်တွေ သက်တမ်း ကုန်သွားတော့ မြန်မာဖက်က စစ်ဗိုလ်ဟောင်းတွေ ပို့ခဲ့တာကို ကနေဒါ အစိုးရက လက်မခံဘဲ အရပ်သား ပို့ပေးဖို့ တောင်းဆိုခဲ့ကြောင်း ၊ အခုမှ မြန်မာဖက်က အရပ်သားပို့ပေးလို့ သံအမတ်သစ်ကို လက်ခံခဲ့တာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ကနေဒါ အစိုးရ သဘောထား ပျော့ပြောင်း လာတာလားလို့ မဆိုလိုကြောင်း၊ စီးပွားရေး ပိတ်ဆို့မှုတွေ မရုတ်သိမ်းသေးပါဘူး တက်လာမယ့် အစိုးရနဲ့ တိုင်ပင် ဆွေးနွေးချင်ပါတယ် ဆိုတာ ပြတဲ့ သဘော ဖြစ်တယ်လို့ ပြောပါတယ်။

ကနေဒါဖက်က တောင်းဆိုတဲ့ အတိုင်း အရပ်သား ပို့လာတာကြောင့် မြန်မာ အစိုးရ သစ်ဖက်က လျော့ပေးတယ်လို့ ဆိုလို့ ရကြောင်း ၊ အစိုးရသစ် က ပုံစံပြောင်းလာ မြင်ရကြောင်း ၊ သမ္မတ ဦးသိန်းစိန် မိန့်ခွန်းကို ကြည့်ရင် တိုင်းရင်းသားဖက်ရော ၊ နိုင်ငံခြားရောက် မြန်မာတွေ ကိုရော နိုင်ငံတကာ ကိုရော ကမ်းလှမ်းတာကို မြင်ရကြောင်း သူက ဆိုပါတယ်။

နိုင်ငံတကာကလည်း အစိုးရသစ် ပြောစကားကို လက်ခံ စောင့်ကြည့်နေပြီး အခုမြင်နေရတာ ကတော့ မြန်မာ အစိုးရသစ်ဟာ နိုင်ငံတကာကို လိုက်ဆက်သွယ် နေတာ ၊ အားယူနေတာ မြင်ရကြောင်း ဦးဟန်ယောင်ဝေက ဆိုပါတယ်။