ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ ဓာတ်ပုံ ရုံးတွေက ဖြုတ်ပြီ

  • 22 ဧပြီ 2011
Senior General Than Shwe ဓာတ်ပုံ မူပိုင် Reuters
Image caption ရုံးတွေမှာရှိတဲ့ ဓာတ်ပုံတွေ ဖြုတ်ရပြီ

အစိုးရ ရုံးအသီးသီးမှာ ချိတ်ဆွဲထားတဲ့ နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ ဓာတ်ပုံတွေကို အခုတော့ ပြန်ဖြုတ်ချနေပြီလို့ သိရပါတယ်။

အထူးသဖြင့် ရန်ကုန်မှာ ရှိတဲ့ အစိုးရရုံး တော်တော်များများနဲ့ ရပ်ကွက် အုပ်ချုပ်ရေးရုံးတွေမှာ ရှိတဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ ဓာတ်ပုံတွေကို ဖြုတ်ချလိုက်ပြီလို့ မျက်မြင်တွေက ပြောကြပါတယ်။

အဲဒီလို ဖြုတ်ချဖို့ကို သင်္ကြန်မတိုင်ခင် ကတည်းက ရုံးတွေကို ညွှန်ကြားချက် ပေးပို့ခဲ့တာဖြစ်တယ်လို့ ဌာနဆိုင်ရာတွေနဲ့ နီးစပ်သူ တဦးက ဘီဘီစီကို ပြောပြပါတယ်။

ရန်ကုန်ရုံးတွေမှာ စပြီး ဖြုတ်လာပေမဲ့ နယ်က ရုံးတွေမှာတော့ ဆက်ချိတ်ထားတာကို တွေ့ရတယ်လို့လဲ ဒေသခံတချို့က ဆိုပါတယ်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ ဓာတ်ပုံတွေကို ဖြုတ်ချဖို့ ညွှန်ကြားချက် ထွက်လာပေမဲ့ အဲဒီနေရာမှာ ဘယ်သူ့ ဓာတ်ပုံကို ချိတ်ဆွဲမလဲ ဆိုတာကတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

ဒါပေမယ့် သမ္မတ ဦးသိန်းစိန်ရဲ့ ပုံတွေပဲ ချိတ်ဆွဲလာမှာ ဖြစ်တယ်လို့ ယူဆစရာ ရှိပါတယ်။

နအဖကို ဖျက်သိမ်းလိုက်ပြီဆိုပေမဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေကတော့ တကယ်အာဏာကို စွန့် မစွန့်ဆိုတာ သုံးသပ်သူတွေက စောင့်ကြည့်နေကြဆဲ ဖြစ်ပါတယ်။

တပ်မတော် ရုံးတွေမှာတော့ ကာကွယ်ရေး ဦးစီးချုပ်အသစ်ဖြစ်လာတဲ့ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ရဲ့ ဓာတ်ပုံကို ချိတ်ဖို့ မှာကြားမှုတွေ ရှိတယ်လို့ သိရပါတယ်။

၁၉၈၈ ခုနှစ်မှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့ နောက်ပိုင်း မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီ ဥက္ကဌကြီး လုပ်ခဲ့သူ ဦးနေဝင်းက အစိုးရရုံးတွေမှာ ချိတ်ဆွဲထားတဲ့ သူ့ဓာတ်ပုံတွေကို ဖြုတ်ချပေးဖို့ သူကိုယ်တိုင် စာရေးသား ထုတ်ပြန်ပြီး တောင်းဆိုခဲ့ဖူးပါတယ်။