ရှမ်းပြည်နယ်မှာ ပြောင်းလဲမှု တွေ့ရပြီလား

  • 22 ဧပြီ 2011
Burma Parliament ဓာတ်ပုံ မူပိုင် Reuters
Image caption လွှတ်တော်ထဲမှာ ပြောဆိုချက် တွေကြောင့် ပြုပြင်နိုင်တာလို့ ဦးစိုင်းဆောင်စီကဆို

မြန်မာနိုင်ငံမှာ သမ္မတဦးသိန်းစိန် ခေါင်းဆောင်တဲ့ အစိုးရသစ် တက်လာပြီးတဲ့နောက်ပိုင်း ရှမ်းပြည်နယ်အတွင်း မူဆည် မန္တလေး ကားလမ်းပေါ်မှာ စစ်တပ် ဂိတ်တွေ ဖယ်ရှားခဲ့ပြီး နွေစပါး စိုက်ခိုင်း တာတွေလည်း မလုပ်တော့ဘူးလို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီက ပြောပါတယ်။

ဒါဟာလွှတ်တော်မှာ တိုင်းရင်းသား ကိုယ်စားလှယ်တွေ ရဲ့တင်ပြချက်တွေကြောင့် အောက်ခြေမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေ တွေကို အထက်လူကြီးတွေ သိရှိပြီး ပြုပြင် ပြောင်းလဲလာတာ ဖြစ်နိုင်ကြောင်း အဲဒီပါတီက ကျောက်မဲမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းဆောင်စီက ဘီဘီစီကို ပြောပါတယ်။

ဒါပေမယ့်လည်း ဥပဒေဘောင် အပြင်ဖက်ကနေ တရားမဝင် ပစ္စည်းတွေကို ရောင်းဝယ်ကုန်သွယ် နေကြသူတွေ ရှိနေသရွေ့ တရားမဝင် ငွေတောင်းခံမှုတွေလည်း ရှိနေနိုင်တယ်လို့ သူကဆိုခဲ့ပါတယ်။

နွေစပါး စိုက်ပျိုးတာတွေ တကယ် မခိုင်းတော့ဘူး ဆိုတာနဲ့ပတ်သက်လို့တော့ ဒီနှစ်နွေစပါးရာသီ ပြီးသွားပြီဖြစ်လို့ တကယ်တမ်း ဘယ်လိုဖြစ်လာမလဲ ဆိုတာကို နောက်နှစ် နွေစပါးရာသီကျမှ တိတိကျကျ သိနိုင်မယ်လို့လည်း ဦးစိုင်းဆောင်စီကပြောပါတယ်။

တရုတ်၊ မြန်မာ နယ်စပ်ဒေသက ဘီဘီစီသတင်းထောက် ဦးမျိုးသစ် ကတော့ မူဆည်၊ မန္တလေး ကားလမ်းပေါ်မှာ စစ်တပ်ဂိတ်တွေ ဖယ်လိုက်ပေမယ့် တရားမဝင် ငွေကောက်ခံနေတဲ့ ရဲဂိတ်တွေ အများအပြားရှိနေပြီး၊ လမ်းဖောက်ထားတဲ့ကုမ္ပဏီတွေက တရားဝင်လမ်းကြေး ကောက်ခံရာမှာလည်း သတ်မှတ်ကြေးထက် ပိုကောက် တာတွေရှိနေတာကြောင့် ကုန်သည်တွေအနေနဲ့ ထူးခြားပြီးသက်သာမသွားဘူးလို့ ဆိုပါတယ်။

ဦးစိုင်းဆောင်စီကတော့ အခုအစိုးရသစ်တက်လာတာ ရက်ပိုင်းလောက်သာရှိသေးတယ်လို့ ပြောဆိုခဲ့ပါတယ်။