သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီး ကြေညာချက်ထုတ်ပြန်

  • 23 ဧပြီ 2011

မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီးကနေ ဒီကနေ့ ကြေညာချက် ထုတ်ပြန်ရာမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးဟာ မြန်မာနိုင်ငံအတွက် မဖြစ် မနေ လိုအပ်နေတဲ့အတွက် “အမျိုးသား ပြန်လည်စေ့စပ်ညှိနှိုင်း ဆွေးနွေး အဖြေရှာ ရေးကော်မတီ”တရပ်အား မဖြစ်မနေဖွဲ့စည်းပြီး တိုင်းပြည်ရဲ့ အကျပ်အတည်းမျိုးစုံ ကို အလျင်အမြန် ဖြေရှင်းကြဖို့ကို တောင်းဆိုထားပါတယ်။

ဓာတ်ပုံ မူပိုင် bbc
Image caption ပတ္ထနိက္ကုဇ္ဇန ကံဆောင်မှုကို ဆက်လက် ပြုလုပ် ထားကြောင်း ကြေညာချက်ထဲမှာ ဖေါ်ပြ

အဲဒီလို ကော်မတီဖွဲ့ရာမှာ ပြည်သူလူထု လေးစား ယုံကြည်သော ဝါရင့်နိုင်ငံရေး သမားကြီးများ၊ စာပေ အနု ပညာနယ်ပယ်မှ အသိပညာရှင်များ၊ နိုင်ငံရေးပါတီ အဖွဲ့အစည်း များ၊ ဘာသာရေးခေါင်းဆောင်ကြီးများ၊ တိုင်းရင်းသားခေါင်းဆောင်ကြီးများ၊ ဒီမိုကရေစီ အင်အားစုများ ပါဝင်စေဖို့ကိုဖေါ်ပြထားပါတယ်။

ရွေးကောက်ပွဲကျင်းပပြီး လက်ရှိအစိုးရသစ် ဖွဲ့ထားပေမယ့်လည်း တိုင်းပြည်မှာ ငြိမ်းချမ်းမှု မရှိသေးကြောင်း၊ ပြည်သူလူထုရဲ့ စားဝတ် နေရေးလည်း ဘာမှ တိုးတက် ကောင်းမွန်လာ ခြင်း မရှိကြောင်း၊ နယ်စပ်ဒေသမှာလည်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ တိုက်ပွဲတွေ ဆက်လက်ဖြစ်နေတာကြောင့် အခုလို ကော်မတီဖွဲ့ရေး တောင်းဆိုရတာ ဖြစ်ကြောင်း အမေရိကန်မှာ သတင်းသုံးနေတဲ့ သံဃာ့ တပ်ပေါင်းစုအဖွဲ့ရဲ့ ပြည်ပတာဝန်ခံ ဆရာတော် ဦးပညာဇောတက ပြောပါတယ်။

ဘာသာရေးခေါင်းဆောင်တွေ ပါဝင်ရေးနဲ့ ပတ်သက်ပြီးလည်း ပြည်တွင်းက သံဃာ့အဖွဲ့ အစည်းတွေအနေနဲ့ နိုင်ငံရေးမှာ ပါဝင်တာ ထက်ကို တွေ့ဆုံဆွေးနွေးရေး ဖြစ်လာစေဖို့ မေတ္တာရပ်ခံတာမျိုး လုပ်ဆောင်သင့် ကြောင်း ဆရာတော်က မိန့်ပါတယ်။

ဒီကြေညာချက်ကို ပြည်တွင်းက သံဃာတော် တွေ ကနေ သမ္မတဦးသိန်းစိန်ထံကို ပို့ပေးဖို့ ဆွေးနွေးထားချက်တွေလည်း ရှိကြောင်း ဆရာတော်က ပြောပါတယ်။

သံဃာ့တပ်ပေါင်းစုအဖွဲ့အနေနဲ့ ၂၀၀၇ ခုနှစ်က ပတ္ထနိက္ကုဇ္ဇန ကံဆောင်ရသည့် အခြေခံ အကြောင်းအချက် လေးရပ်ကို အာဏာပိုင်တွေက အခုထက်တိုင် လိုက်လျောခြင်း မရှိတဲ့ အတွက် ဦးသိန်းစိန် ခေါင်းဆောင်သည့် စစ်အုပ်စုအသွင်ပြောင်း အစိုးရကို ဆက်လက် ကံဆောင်မြဲ ကံဆောင်ထားကြောင်းကိုလည်း အဲဒီ ကြေညာချက်ထဲမှာ ဖေါ်ပြထားပါတယ်။