တိုင်းရင်းသားပါတီတွေ တွေ့ဆုံမည်

  • 24 ဧပြီ 2011
RNDP
Image caption ပါတီ ငါးခုထဲမှာ RNDP ရခိုင်ပါတီလည်းပါ

နိုဝင်ဘာရွေးကောက်ပွဲမှာ ဝင်ရောက် ယှက်ပြိုင်ခဲ့ပြီး လွှတ်တော်အတွင်းမှာလည်း အထိုက်အလျောက်နေရာရရှိထားတဲ့ တိုင်းရင်းသားပါတီ ငါးခုဟာ အခုလာမယ့် အင်္ဂါနေ့ကစပြီး ရန်ကုန်မြို့မှာ နှစ်ရက်တာ တွေ့ဆုံဆွေးနွေးကြဖို့ ရှိပါတယ်။

ပါတီငါးခုကတော့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP၊ ရှမ်းတိုင်းရင်းသား များ ဒီမိုကရက်တစ်ပါတီ SNDP၊ မွန်ဒေသ လုံးဆိုင်ရာ မီမိုကရေစီပါတီ၊ ချင်းအမျိုးသားပါတီနဲ့ ဖလုံးစဝေါ်ပါတီတွေ ဖြစ်ပါတယ်။

ဒီပါတီတွေဟာ ရွေးကောက်ပွဲအပြီး လွှတ်တော်မခေါ်ခင် အချိန်ကလည်း တွေ့ဆုံဖူးပြီး အခုတစ်ခါ တွေ့ဆုံတာကတော့ လွှတ်တော်ခေါ်ပြီးနောက် ပထမဆုံးအကြိမ် ပြန်လည် တွေ့ဆုံတာ ဖြစ်ပါတယ်။

Image caption တိုင်းရင်းသားဒေသတွေမှာ ငြိမ်းချမ်းရေးရအောင်လုပ်ဖို့ တိုက်တွန်းမည်

အခုကျင်းပပြီးသလောက် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွေကို အခု အစည်းအဝေးမှာ ပြန်လည်သုံးသပ်မှာ ဖြစ်တယ်လို့ RNDP ပါတီက အထွေထွေ အတွင်းရေးမှူး ဦးလှစောက ဘီဘီစီကို ပြောပါတယ်။

နောက်ပြီး နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့နဲ့ တိုင်းရင်းသားဒေသတွေမှာ ဖြစ်နေတဲ့ တိုက်ပွဲတွေ ရပ်တန့်နိုင်အောင် လုပ်ဆောင်ဖို့ အစိုးရသစ်ကို တိုက်တွန်းတောင်းဆိုနိုင်အောင်လည်း ပါတီတွေအနေနဲ့ ဆွေးနွေးမယ်လို့ သူက ပြောပါတယ်။