လိပ်ပြာ​ သန့်​ရင် အာဏာ​မဲ့​ လည်း အားရှိ နေတယ်

  • 26 ဧပြီ 2011
daw aung san suu kyi ဓာတ်ပုံ မူပိုင် AFP
Image caption လိပ်ပြာသန့်ရင် အာဏာမဲ့သူ မှာလည်း စွမ်းအား ရှိတယ်

အမှန်တရားအပေါ်မှာ ရပ်တည် ရှင်သန်ပြီး ကိုယ်လုပ်တဲ့ အလုပ် အပေါ် လိပ်ပြာ သန့်နိုင်တယ် ဆိုရင် အာဏာ မရှိတဲ့သူတွေ မှာလည်း စွမ်းအား ရှိတယ် လို့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က ဘီဘီစီ ပါရှန် ရုပ်မြင်သံကြား နဲ့ ဆက်သွယ် မေးမြန်းခန်း မှာ ပြောပါတယ်။

ဒီမိုကရေစီ နဲ့ ပတ်သက်ပြီး ဝေဖန် ပြောကြားမှု တွေ ရှိနေတာကို လည်း သူက အခုလို အဓိပ္ပာယ် ဖွင့်ဆို သုံးသပ် ပြောဆိုပါတယ်။

ဒီမိုကရေစီ ဆိုတာ အစိုးရ ဖွဲ့စည်း အုပ်ချုပ်တဲ့ စနစ်၊ ပုံစံတခုသာ ဖြစ်တယ်၊ ကိုယ့်နိုင်ငံ ရဲ့ လိုအပ်ချက်ကို လိုက်ပြီး အဲဒီ ပုံစံကို သင့်တော် သလို ညှိနှိုင်းယူလို့ ရတယ်လို့ ဒေါ်အောင်ဆန်းစုကြည် က ပြောပါတယ်။

လွတ်လပ်မှု ရှိဖို့ နဲ့ တရားစီရင်ရေး ဆိုင်ရာ လို မျိုး အဖွဲ့အစည်း တချို့ အမှီအခို ကင်းစွာ ရပ်တည်နိုင်မှုတွေဟာ ဒီမိုကရေစီ ရဲ့ အခြေခံ လိုအပ်ချက်တွေ ဖြစ်တယ် လို့လည်း ထောက်ပြ ပါတယ်။

ဒီမိုကရေစီ ကျင့်သုံးဖို့အတွက် ကိုယ့် ယဉ်ကျေးမှုကို စွန့်လွှတ်စရာ မလိုဘူး။ ဒီမိုကရေစီ ကို တကယ် လက်ခံမယ်ဆိုရင် လူတွေရဲ့ လွတ်လပ်ခွင့်နဲ့ လုံခြုံမှုကို အာမခံနိုင် ရပမယ်။ အဲဒီလို အာမ မခံဘဲ ကိုယ့် ယဉ်ကျေးမှု နဲ့ မကိုက်ညီဘူးလို့ ပြောနေတာဟာ ဆင်ခြေပေးနေတာ သက်သက် ဖြစ်တယ်လို့ ဒေါ်အောင်ဆန်း စုကြည်က ဝေဖန် ပြောကြား လိုက်ပါတယ်။

တခါ အရှေ့အလယ်ပိုင်းဒေသက လူထု လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့လည်း လူသားချင်း အတူတူ ဖြစ်တဲ့အတွက် သူတို့နဲ့ အတူ တစိတ်တဝမ်းထဲ ရှိတယ်လို့ ဆိုခဲ့ပါတယ်။

``ကျွန်မ ပြောချင်တာက ရိုးရိုးလေးပါ၊ ကျွန်မတို့ဟာ ကမ္ဘာတခုထဲမှာ နေကြတယ်၊ လူသားမျိုးနွယ် အချင်းချင်းဖြစ်တယ်။ ကမ္ဘာ့ ဘယ်နေရာမှာပဲဖြစ်ဖြစ် လွပ်လပ်မှုအတွက် လှုပ်ရှား နေကြသူတွေဖက်က ရပ်တည်ပါတယ်`` လို့ ဒေါ်အောင်ဆန်းစုကြည်က ပါရှန် ရုပ်မြင်သံကြား နဲ့ ဆက်သွယ် မေးမြန်းခန်းမှာ ပြောခဲ့ပါတယ်။