လယ်တွေ နှစ်ခါပြန် သိမ်းယူ

  • 26 ဧပြီ 2011

မကွေးတိုင်း အောင်လံ မြို့နယ် သံရွာ ကျေးရွာ အုပ်စုက လယ်သမား တွေရဲ့ လယ်တွေကို မြို့နယ် အုပ်ချုပ်ရေးမှူးနဲ့ အဖွဲ့က သိမ်းယူလိုက် ပါတယ်။

Image caption လယ်သမားတွေ စိုက်ပျိုး ရာသီ မကြာခင် ရောက် တော့မယ်

အဲဒီမြေ တွေကို ပထမ အကြိမ် သိမ်းဆည်းခဲ့လို့ တိုင်ကြားခဲ့ရာမှာ လယ်ယာနဲ့ ဆည်မြောင်း ဝန်ကြီး ဌာနက ပြန်ပေးဖို့ အမိန့်ထုတ်ခဲ့ ပေမဲ့ အခု ဒုတိယ အကြိမ် ထပ်မံ သိမ်းယူ လိုက်တာ ဖြစ်တယ်လို့ လယ်ပိုင်ရှင် တစ်ယောက်က ပြောပါတယ်။

အောင်လံမြို့နယ် အုပ်ချုပ်ရေးမှုးတွေ ပြန်သိမ်းလိုက်တဲ့ လယ်မြေတွေ ကတော့ သံရွာ ကျေးရွာ အုပ်စုက သန်ထောက် (၃၉) စီကွင်းမှာ ရှိတဲ့ လယ်သမား(၁ဝ) ယောက် ပိုင် ဆိုင်တဲ့ ဧက(၇ဝ)ကျော် လယ်မြေတွေ ဖြစ်ပါတယ်။

ဧက(၃ဝဝ) ကျော်ရှိတဲ့ လယ်မြေတွေကို အမှတ်(၆)သကြားစက်က ၂ဝဝ၇ ခုနှစ် ကတည်းက သိမ်းယူခဲ့တာ ဖြစ်ပြီး ၂ဝဝ၉ ခုနှစ်ရောက်တော့ လယ်ယာနဲ့ဆည် မြောင်း ဝန်ကြီးဌာနရဲ့ အမိန့်နဲ့ လယ်သမား တွေကို ပြန်ပေးခဲ့ တာပါ။

လယ်သမား တွေကလည်း လယ်မြေတွေကို ပြန်ရလို့ ထွန်ယက် စိုက်ပျိုးမှုတွေ လုပ်ခဲ့ကြ ပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ ၁၈ ရက်နေ့က တော့ မြို့နယ် အုပ်ချုပ်ရေးမှူး၊ သကြားစက် စက်ရုံမှူး၊ မြေစာရင်း ဦးစီးမှူးနဲ့ အမှတ် (၆) သကြားစက် ရုံက စက်ရုံမှူးနဲ့ အဖွဲ့က လယ်တွေကို ပြန်သိမ်းပြီး တစ်ဧကကို ကျပ်နှစ်သောင်းနဲ့ သီးစားခ ချထား လိုက်တယ်လို့ လယ်အသိမ်း ခံရတဲ့ လယ်ပိုင်ရှင် တစ်ယောက်က ဘီဘီစီကို ပြောပါတယ်။

ပထမ တစ်ကြိမ် လယ်တွေ အသိမ်းခံခဲ့ရတုန်းက အိုင်အယ်အိုရဲ့ အကူအညီကို ရယူ ပြီး လယ်သမားတွေက သူတို့ လယ်တွေ ပြန်ရအောင် ကြိုးပမ်း နိုင်ခဲ့တာကြောင့် အခု တစ်ကြိမ်မှာလည်း အိုင်အယ်အိုကို ထပ်မံ တိုင်ကြား ထားတယ်လို့ လယ်သိမ်း ခံရတဲ့ လယ်သမားတွေက ပြောပါတယ်။ မကြာခင် စိုက်ပျိုးရေး ရာသီ ရောက်တော့မှာမို့ ဒေသ အာဏာပိုင်တွေရဲ့ လုပ်ရပ်ကို အမြန်ဆုံး ဖြေရှင်းပေးဖို့ လယ်သမား တွေက တောင်းဆို နေကြပါတယ်။