ထိတွေ့ရေးမူ မအောင်မြင်ကြောင်း အမေရိကန် ဝန်ခံ

  • 26 ဧပြီ 2011
U Win Tin
Image caption ထိတွေ့ ဆက်ဆံရေး ပြန်သုံးသပ်သင့်

အရှေ့ အာရှနဲ့ ပစိဖိတ် အရေး ဆိုင်ရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး ကာ့တ် ကမ်းဘဲလ် က မြန်မာ့အရေးနဲ့ ပတ်သက်တဲ့ အမေရိကန်ရဲ့ ထိတွေ့ဆက်ဆံရေးမူဟာ မအောင်မြင်ဘူးလို့ ဝန်ခံပြောကြားလိုက်ပါတယ်။

အမေရိကန် အစိုးရဟာ ပိတ်ဆို့ အရေးယူမှုကို တဖက်က ဆက်လက်ထားရှိပြီး ထိတွေ့ဆက်ဆံရေးမူနဲ့ မြန်မာအစိုးရကို ချဉ်းကပ်ခဲ့ပေမဲ့ ပြီးခဲ့တဲ့ ၁၈ လအတွင်းမှာ အမေရိကန်ရဲ့ ထိတွေ့ဆက်ဆံရေးမူဟာ မအောင်မြင်ခဲ့ဘူးလို့ မစ္စတာ ကမ်းဘဲလ်က ဝန်ခံ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

မိုင်းထိပြီး ခြေတဖက် လက်တဖက် ဆုံးရှုံးခဲ့သူ မြန်မာစစ်သား တယောက်အကြောင်းရိုက်ကူးထားတဲ့ ဗီဒီယို သတင်းဇာတ်ကားပြသပွဲကို မနေ့က ဧပြီလ ၂၅ ရက်နေ့တုန်းက ကြည့်ရှုပြီးနောက်မှာ အခုလို ပြောကြားခဲ့တာဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် burmese
Image caption ထိတွေ့ဆက်ဆံရေး လုပ်နည်း လုပ်ဟန် မမှန်

ဒီမိုကရက်တစ် ပါတီရဲ့ ဥက္ကဌ ဦးသုဝေကတော့ ထိတွေ့ဆက်ဆံရေးမူကို ကျင့်သုံးရာမှာ လုပ်နည်း လုပ်ဟန် မမှန်လို့ ဖြစ်မယ် ထင်ကြောင်း ပြောပါတယ်။ ပိတ်ဆို့ရေးကို ရုပ်သိမ်းပြီး ထိတွေ့ ဆက်ဆံရေးကို ထိထိရောက်ရောက် ကျင့်သုံးရင် အောင်မြင်မယ်လို့ ယူဆကြောင်း ပြောပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်တဦး ဖြစ်တဲ့ ဦးဝင်းတင်ကတော့ ထိတွေ့ဆက်ဆံရေးမူနဲ့ ပတ်သက်ပြီး ပြန်လည်သုံးသပ်ပြီး ထိရောက်အောင် ဆောင်ရွက်သင့်တယ် လို့ ဆိုပါတယ်။

ထိတွေ့ ဆက်ဆံရေး မလုပ်ဘဲ တင်းခံထားရင် ပိတ်ဆို့ အရေးယူမှု ရုပ်သိမ်းပေးလိမ့်မယ်လို့ မြန်မာအစိုးရက ယူဆရင် မမှန်နိုင်ဘူးလို့လည်း ဦးဝင်းတင်က ပြောပါတယ်။