မြန်မာ နဲ့ ဘင်္ဂလားဒေ့ရှ် စစ်ရေး ပူးပေါင်း ဆောင်ရွက် ရန်ရှိ

  • 27 ဧပြီ 2011
air force myat hein ဓာတ်ပုံ မူပိုင် kzt
Image caption ဘင်္ဂလားဒေ့ရှ် ရောက် နေတဲ့ လေတပ် ဦးစီးချုပ် (အလယ်ပုံ)

မြန်မာ လေတပ် ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး မြတ်ဟိန်း ဟာ ဘင်္ဂလားဒေ့ရှ် သမ္မတ ဇီယာလူ ရာမာန် နဲ့ အင်္ဂါနေ့ က တွေ့ဆုံ ခဲ့ပါတယ်။

သူတို့ တွေ့ဆုံပွဲမှာ ဘင်္ဂလားဒေ့ရှ် သမ္မတက အချက် (၂) ချက်ကို အလေးပေး ပြောကြား ခဲ့ပြီး တစ်ခုက စစ်ရေး ပူးပေါင်း ဆောင်ရွက်ရေး နဲ့ နောက်တစ်ခုက မြန်မာနဲ့ ရထားလမ်း ကားလမ်း ဖေါက်လုပ်ရေး ကိစ္စကို ဖြစ်ပါတယ်။

သမ္မတ က ဘင်္ဂလားဒေ့ရှ် နိုင်ငံ အနေနဲ့ မြန်မာ နဲ့ ဘင်္ဂလားဒေ့ရှ် အကြား စစ်ရေး သင်တန်း အပြန်အလှန် ဖလှယ်ပြုလုပ်ဖို့ စိတ်၀င်စား နေတဲ့ အကြောင်း တွေကိုလည်း ပြောပြ ခဲ့ပါတယ်။

ဒါပြင် သူ့ နိုင်ငံ လေတပ် ဦးစီးချုပ်ကို နောက်လမှာ မြန်မာပြည် ကို အလည် အပတ် စေလွှတ်မယ် လို့ လည်း ဆိုပါတယ်။

မြန်မာ လေတပ် ဦးစီးချုပ် မြတ်ဟိန်း ကတော့ မြန်မာနိုင်ငံ မှာ အခု ရွေးကောက်ပွဲ နဲ့ အစိုးရသစ်တက်လာပြီ ဖြစ်တယ်၊ တက်လာတဲ့ အစိုးရ က ဘင်္ဂလားဒေ့ရှ် နဲ့ ပူးပေါင်း ဆောင်ရွက် လိုစိတ် ရှိနေပြီး ပြဿနာတွေ ကိုလည်း ငြိမ်းချမ်းစွာ ဖြေရှင်း သွားဖို့ လိုလား နေတယ် လို့ ပြောဆို ခဲ့ကြောင်း သိရ ပါတယ်။

မြန်မာ လေတပ် ဦးစီးချုပ်ဟာ ဘင်္ဂလားဒေ့ရှ် အမျိုးသား ကာကွယ်ရေး တက္ကသိုလ် ကို သွားရောက် လည်ပတ်ခဲ့ပြီး မြန်မာနိုင်ငံက စစ်အရာရှိ တွေကို ဘင်္ဂလားဒေ့ရှ် စစ်သင်တန်း ကျောင်း တွေမှာ စစ်ရေး သင်တန်း တက်ရောက်ဖို့ စေလွှတ်မှာ ဖြစ်တဲ့ အကြောင်း ပြောဆို တယ် လို့ လည်း သိရပါတယ်။