ဝ တပ်ဖွဲ့ ကို မြန်မာအစိုးရ ရာဇသံရက်စေ့

  • 30 ဧပြီ 2011
uwsa_soldiers
Image caption ဝ ပြည်သွေးစည်း ညီညွတ်ရေး တပ်ဖွဲ့ဝင်များ

ဝ ပြည်သွေးစည်း ညီညွတ်ရေးအဖွဲ့ UWSA နဲ့ ရှမ်းပြည် အရှေ့ပိုင်း အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် အဖွဲ့ လို့ ခေါ်တဲ့ မိုင်းလားတပ်ဖွဲ့ တို့ကို မြန်မာအစိုးရ စစ်တပ်က သူတို့ နယ်မြေ ပြင်ပက တပ်စခန်း အားလုံးကို ဧပြီလ ၃ဝ ရက် နောက်ဆုံးထားပြီး တပ်ရုပ်သိမ်းဖို့ ရာဇသံပေးထားပါတယ်။

တကယ်လို့ ရာဇသံ ပေးရက်မှာ တပ်မရုပ်ဘူး ဆိုရင် စစ်ရေးနဲ့ ဖြေရှင်းမယ် လို့လဲ ဆိုထားလို့ ဝ တပ်ဖွဲ့ က ပန်ဆန်းဌာနချုပ် မှာ အရေးပေါ် အစည်းအဝေး ကို ဧပြီလ၂၉ ရက် က ခေါ်ယူခဲ့ပါတယ်။

ဒီအစည်းအဝေး ဆုံးဖြတ်ချက် အရ ဝ တပ်ဖွဲ့ ကတော့ မြန်မာအစိုးရစစ်တပ် ကို ပြန်လည်တုံ့ပြန်မှာ မဟုတ်သလို တပ်တွေလဲ ရုပ်ပေးမှာ မဟုတ်ဖူး လို့ ဝ အရာရှိ တဦးက ဘီဘီစီ ကိုပြောပါတယ်။

ဒါပေမဲ့ ဝ အရာရှိ နောက်တဦးကတော့ မြန်မာအစိုးရ တပ်ရဲ့ ခွင်ထဲ ဝင်သွားတဲ့ ဝ တပ်မဟာ ၄၆ဂ က တပ်ဖွဲ့ဝင် အတော်များများဟာ ပြန်လည်ဆုတ်ခွာ လာပြီလို့ ဘီဘီစီ ကို ပြောပြပါတယ်။

ဒါကြောင်မို့ အခြေအနေဟာ တည်ငြိမ် ပြေလည်တယ် လို့ ဆိုပေမဲ့ လက်တွေ့မှာ မြန်မာအစိုးရတပ် ဖက်ကလဲ အင်အား တိုးချဲ့သလို၊ ဝ တပ်ဖွဲ့ ဖက်ကလဲ တပ်စွဲ ထားသေးတဲ့ အကြောင်းရှင်းပြပါတယ်။ အဲဒီအတွက် ပြဿနာဟာ ပြေလည်တဲ့ အနေအထား မမြင်ရသေးပါဘူးလို့ ဝ အရာရှိက ပြောပြပါတယ်။