မဲဆောက်မြို့ ကမ္ဘာ့အလုပ်သမားနေ့ အခမ်းအနား

  • 1 မေ 2011
Image caption ထိုင်းအာဏာပိုင်တွေက ဦးစီးပြီး ကျင်းပခဲ့ပါတယ်

ဒီကနေ့ ကျရောက်တဲ့ ၁၂၁ ကြိမ်မြောက် ကမ္ဘာ့အလုပ်သမားနေ့ကို ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့မှာ ထိုင်းအာဏာပိုင် တွေနဲ့ အလုပ်သမားအဖွဲ့တွေက မြိုင်မြိုင် ဆိုင်ဆိုင် ကျင်းပခဲ့ကြပါတယ်။

မေဒေး ကမ္ဘာ့အလုပ်သမားနေ့မှာ မဲဆောက်မြို့ က စက်ရုံ၊ အလုပ်ရုံတွေကို ပိတ်ပေးထားလို့ မြန်မာအလုပ်သမားတွေဟာ မဲဆောက်စျေးနဲ့ အားကစားပွဲတွေကျင်းပပေးတဲ့ မဲဆောက် အထက်တန်းကျောင်း အားကစားကွင်းမှာ ပြည့်နှက်နေပါတယ်။ မြန်မာအလုပ်သမား အဖွဲ့အစည်း နှစ်ခုက သီးခြားကျင်းပတဲ့ နေရာကို လည်း မြန်မာအလုပ်သမား တချို့ သွားကြပါတယ်။

Image caption မြန်မာအလုပ်သမားတွေလည်း လွတ်လပ် ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြပါတယ်

အခုလို မြန်မာအလုပ်သမားတွေ လွတ်လွတ် လပ်လပ် ပျော်ပျော်ရွှင်ရွှင်နဲ့ အားကစားပွဲတွေမှာ ပါဝင်ဆင်နွှဲ နေတာ၊ အနှောင့်အယှက်မရှိ သွားလာနေတာတွေ့နေကြပေမယ့်လည်း ထိုင်းနိုင်ငံက မြန်မာအလုပ်သမားတွေဟာ အလုပ်သမား အခွင့်အရေးကို အပြည့်အဝ မရကြသေးကြောင်း BLSO အလုပ်သမား သွေးစည်းညီညွတ်ရေးအဖွဲ့ တာဝန်ခံ ကိုသံဒုတ် က အခုလိုရှင်းပြပါတယ်။

'' ထိုင်းနိုင်ငံအနေနဲ့ ပြဌာန်းထားတဲ့ အလုပ်သမားဥပဒေပဲဖြစ်ဖြစ်၊ အလုပ်သမား အခွင့်အရေးဟာ ဗမာရွှေ့ပြောင်း အလုပ်သမားတွေလည်း ရရှိခွင့်ရှိပါတယ်။ သို့သော်လည်းပဲ အပြည့်အဝ ရရှိတယ် ဆိုတာကတော့ လက်ရှိအနေအထားမှာ မမြင်သေးပါဘူး။ ဒီထိုင်းနိုင်ငံမှာ အနိမ့်ဆုံး လုပ်အားခရတဲ့ ဗမာအလုပ်သမားတွေ နဲ့ ကတော့ အလွန်မတန်မှရှားဆဲဖြစ်ပါတယ် '' လို့ ပြောပြသွားပါတယ်။

Image caption ဗမာအလုပ်သမားတွေ အနိမ့်ဆုံး လုပ်အားခ ရတာ အင်မတန်ရှားပါတယ် (ကိုသံဒုတ်)

တချို့စက်ရုံတွေမှာ မြန်မာအလုပ်သမားတွေ ရထားတဲ့အခွင့်အရေးတွေက၊ တနေ့ရှစ်နာရီ အလုပ်လုပ်တာ၊ အချိန်ပိုကို ကိုယ့်သဘောနဲ့ လုပ်ချင်လုပ်၊ မလုပ်ချင်လည်းရတယ်။

စံချိန်မီစက်ရုံ အဆောက်အဦး၊ လူနေအဆောင်၊ စားသောက်အဆောင်၊ ကျန်းမာရေးစောင့်ရှောင့် ပေးတာ၊ တချို့စက်ရုံတွေမှာ တပတ်တရက် ပိတ်တာမျိုး၊ တချို့စက်ရုံတွေမှာ တပတ်နှစ်ရက် ပိတ်ပေးတာမျိုးတွေရှိပြီးတော့၊ အလုပ်သမား တွေက သူတို့ရဲ့ လုပ်အားခကို ငွေထုတ်စက်တွေမှာ အလွယ်တကူ ထုတ်ယူနိုင် ကြတာတွေ ဖြစ်ပါတယ်။

ဒီလိုအခွင့်အရေးမျိုးတွေလည်း မရှိပဲ လုပ်အားခလည်း အနှိမ်ခံရတဲ့ စက်ရုံတွေမှာတော့ လုပ်ငန်းရှင်တွေဟာ မကြာခဏ ဆိုသလို အလုပ်သမားတွေ ဆန္ဒပြတာမျိုးနဲ့ ရင်ဆိုင် ရတတ် ပါတယ်။