ဒုတိယအကြိမ် ပြည်သူ့ဂုဏ်ရည်ဆု ပေးမည်

Zaganar ဓာတ်ပုံ မူပိုင် AP
Image caption ကိုဇာဂနာလဲ ဆန်ခါတင်စာရင်းထဲပါ

မြန်မာပြည်ထဲမှာ စေတနာ့ဝန်ထမ်း လူမှုရေး လုပ်ငန်းတွေကို ကိုယ်ကျိုးစွန့်လုပ်နေသူတွေကို ဂုဏ်ပြုမဲ့ ဒုတိယ အကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆု (Citizen of Burma Award) အတွက် နောက်ဆုံးဆန်ခါတင် ၅ ဦးရဲ့ အမည်ကို အမေရိကန်မှာ ရှိတဲ့ ဆုရွေးချယ်ရေးအဖွဲ့က ဆန္ဒမဲနဲ့ ရွေးခဲ့ပါပြီ။

မနှစ်တုန်းက ပထမအကြိမ်ပေးတဲ့ ဆုကိုတော့ နာရေးကူညီမှုအသင်းကို ဦးဆောင်လုပ်ကိုင်နေတဲ့ ဦးကျော်သူက ရခဲ့ပါတယ်။

ဒီနှစ် အတွက်ဆန်ခါတင် ၅ ဦးကတော့ လူရွှင်တော်၊ ဒါရိုက်တာ ကိုဇာဂနာ၊ တောင်ဒဂုံ အိတ်ချ်အိုင်ဗွီစင်တာ တာဝန်ခံ မဖြူဖြူသင်း၊ အကျဉ်းကျ သံဃာတော်များကို စောင့်ရှောက်နေသူ ဒေါ်ရှု၊ နိုင်ငံရေးသမားတွေ ဖက်က ကူညီပြီး အမှုတွေ လိုက်ပေးတတ်တဲ့ ဦးရန်နိုင်အောင် (ခေါ်) ရှေ့နေ ဦးဖိုးဖြူ နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရဲ့ လူမှု အထောက်အကူပြုအဖွဲ့တို့ ဖြစ်ကြတယ်လို့ ဆုပေးပွဲ ကျင်းပရေး ဗဟိုကော်မီတီဝင် ကိုလေး က ဘီဘီစီကို ပြောပြပါတယ်။

ဒီ ငါးဦးထဲက ကိုယ်က ဆုနဲ့ ထိုက်တန်သူလို့ ယူဆသူကို အင်တာနက်က မဲပေးသွားနိုင်မှာ ဖြစ်ပြီး မဲအများဆုံးရသူကို ဆုပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

မဲကိုတော့ လာမဲ့ မေလ ၄ ရက်က ၁၄ ရက်အထိ ပြည်သူ့ဂုဏ်ရည် အင်တာနက်စာမျက်နှာ www.citizenofburma.org မှာ ဝင်ရောက်ပြီး ရွေးချယ်ပေးနိုင်ကြမှာ ဖြစ်ပြီး ဆန္ဒမဲအများဆုံး ရရှိသူကို ဆန်ဖရန်စစ္စကို ဘေးဧရိယာမှာ မေလ ၁၅ ရက်နေ့မှာ ပြုလုပ်မဲ့ ဂုဏ်ပြုပွဲအခမ်းအနားမှာ ကြေညာပြီး ဆုရသူကို ဂုဏ်ပြု တံဆိပ်နဲ့ ဆုငွေ ဒေါ်လာ တသောင်း ချီးမြှင့်သွားမယ်လို့ သိရပါတယ်။

ဒီနှစ်မှာတော့ အင်တာနက် ကပဲ ဝင်ရောက်မဲပေးနိုင်ကြမှာ ဖြစ်ပြီး နောက်နှစ်တွေမှာတော့ ပြည်တွင်းက အင်တာနက်မရှိတဲ့ မဲပေးချင်သူတွေလဲ ပေးနိုင်အောင် စီစဉ်သွားမယ်လို့ ကိုလေးက ပြောပါတယ်။