ကုလသမဂ္ဂထောင်စုနှစ်ရည်မှန်းချက်

  • 4 မေ 2011
လူသားအရင်းအမြစ်ဖွံ့ဖြိုးမှု အစီရင်ခံစာ
Image caption လူသားအရင်းအမြစ်ဖွံ့ဖြိုးမှု အစီရင်ခံစာ

ကုလသမဂ္ဂ လက်ထောက် အထွေ အတွင်းရေးမှူးချုပ် တဦးလည်း ဖြစ်၊ UNDP ရဲ့ လက်ထောက် အုပ်ချုပ်ရေးမှူး လည်းဖြစ် တဲ့ ဒေါက်တာ အာဂျေး ချစ်ဘာ Dr Ajay Chhibber ဟာ နေပြည်တော် မှာ အစိုးရသစ် ဝန်ကြီး တချို့နဲ့ တွေ့ဆုံပြီး ယူအန်ဒီပီ ရဲ့ မြန်မာနိုင်ငံ အတွက် ၂၀၁၂ နဲ့ ၂၀၁၅ ကြား အစီအစဉ် အသစ် တွေ ကို ဆွေးနွေးခဲ့ပါတယ်။

ယူအန်ဒီပီ ရဲ့ ထောင်စုနှစ် ဖွံ့ဖြိုးရေးရည်မှန်းချက် တွေ ကို ကြည့်ရင် ၂၀၁၅ ခုနှစ် ကျရင် လက်ရှိ ဆင်းရဲမွဲတေ သူ အရေအတွက် တဝက်ထိ ကျဆင်းဖိုဖြစ်ပါတယ်။ကုလသမဂ္ဂ ရဲ့ ထောင်စုနှစ် ဖွံ့ဖြိုးရေး ရည်မှန်းချက်တွေ စုစုပေါင်း ၈ ခု ချမှတ် ထားတဲ့ အထဲ တနေ့ ၁ ဒေါ်လာ ဝင်ငွေမရှိတဲ့ ဆင်းရဲမွဲတေသူ အရေအတါက် ၂၀၁၅ ကျရင် တဝက်လျော့ကျ စေရေး အတွက် ရည်မှန်းထား ပါတယ်။မြန်မာပြည်မယ် အဲဒီလို ဆင်းရဲမွဲတေ သူ အရေအတွက် ကို ပြောကြတဲ့ ကိန်းဂဏန်း တွေ ကလည်း အမျိုးမျိုးပါ ။

အေဒီဘီ အာရှဖွံ့ဖြိုးရေး ဘဏ်ရဲ့ စာရင်း အရ လူဦးရေ ၃၂ ရာခိုင်နှုန်း က ဆင်းရဲမှု လိုင်းရဲ့ အောက်မှာ လို့ ဆိုပေမယ့် တချို့ အစိုးရ စာရင်း ဇယားတွေ အရ ၂၃ ရာခိုင်နှုန်း ကဆင်းရဲ နေကြောင်း သိရှိရ ပါတယ်။ယူအန်ဒီပီအ နေ နဲ့ ကတော့ မြန်မာပြည် က ဆင်းရဲ မွဲတေမှု လျော့ချရေး အတွက် ၂၀၀၃ ကနေ၂၀၁၁ အခု အချိန် ထိ၊အမေရိကန် ဒေါ်လာ သန်း ၂၀၀ ကို အသေးစား ချေးငွေ အဖြစ် မြန်မာပြည်သူလူထု ၅ သိန်း လောက် ကို ထုတ်ချေးပေးထား နိုင်ခဲ့တယ်၊ အဲဒိနည်းအားဖြင့် လူအများအပြား ကိုဆင်းရဲတွင်း က ဆယ်ထုတ်နိုင် အောင် ကူညီ နေတယ် လို့ ဆိုပါတယ်။

UNDP ဌာနေ ကိုယ်စားလည် မစ္စတာ ဘစ်ရှောပါရာဂျူလီ ကမြန်မာပြည် အနေအထား နဲ့ဆိုရင်တော့ ရည်မှန်းချက် အတိုင်းအတာ က ကွဲပြားပါလိမ့်မယ်၊ တခြားနိုင်ငံတွေ နဲ့တော့ တူမှာ မဟုတ်ပါဘူး။ ရည်မှန်းချက် ရောက် အောင် ကျနော်တို့ ၂ ဆ ကြိုးစားကြရဦးမယ် လို့ ဆိုပါတယ်။

အစိုးရ ဖက် ကလည်း ပူးပေါင်းဆောင်ရွက်မှု တွေ အလွန်ကောင်းကြောင်း မစ္စတာ ပါရာဂျူလီ ကပြောပြီး မြန်မာ စီးပွားရေး မှာ အဓိက ကျတဲ့ စိုက်ပျိုးရေး ကဏ္ဍပိုင်းမှာလည်း ရင်းနှီးမြှုပ်နှံ မှုတွေ တိုးပွား လာနေကြောင်း လည်း အခု လို ဆိုပါတယ်။အခုလို ကုလသမဂ္ဂ ဘက် က အလားအလာ ကောင်း တွေ ဆိုပေမယ့် လည်း ဆင်းရဲတွင်း က လူ ဘယ် လောက် လွတ်မြောက်လာပြီ ဆိုတဲ့ အထောက်အထား အခိုင် အမာ ကို မပြဆို နိုင်သေးသရွေ့ ကတော့ အခုလို မျှော်လင့်ချက် ရှိတဲ့ အကြောင်း မြန်မာပြည် က လူအများအပြား ကို ယုံကြည်အောင် ဆွဲဆောင်နိုင်ဖို့ အတော်လေး ခက် နေသေးတယ် လို့ ဆိုရမှာ ဖြစ်ပါတယ်။