ဘင်လာဒင် သေဆုံးမှုနဲ့ ပတ်သက်တဲ့ မေးခွန်းတွေရှိနေဆဲ

Bin Laden Compound ဓာတ်ပုံ မူပိုင် AFP
Image caption ဘင်လာဒင် နေခဲ့တဲ့ ခြံဝင်းဟာ Abbottabad မြို့ ဆင်ခြေဖုံးမှာ ရှိပါတယ်။

ဘင်လာဒင် အသတ်ခံရတဲ့ ကိစ္စမှာ အခုချိန်ထိ အဖြေ တိတိကျကျ မရှိသေးတဲ့ မေးခွန်း တွေကတော့ အများအပြား ရှိနေ ပါတယ်။

တချို့ လူတွေ ဆိုရင် ဘင်လာဒင် တကယ် သေတာမှ ဟုတ်ရဲ့လားလို့တောင် သံသယ ရှိကြတဲ့ သူတွေ ရှိပါတယ်။

သူတို့က ရုပ်အလောင်းလိုမျိုး သက်သေ အထောက် အထားတွေ ဘာကြောင့် မထုတ်ပြန်ရသလဲ ဆိုပြီး မေးခွန်း ထုတ်ကြ ပါတယ်။

နောက်ပြီး စစ်ဆင်ရေး အတွင်းမှာ ဘင်လာဒင် ဘက်က ပထမ လက်နက်နဲ့ ခုခံ ခဲ့တယ်လို့ ပြောပေမယ့် အမေရိ ကန်ဘက်က အမှား ပြင်ဆင်ချက် အနေနဲ့ နောက်ဆုံး ပြောလာတာက ဘင်လာဒင်ဟာ အဲဒီအချိန်က လက်နက် ကိုင်မထားခဲ့ဘူးလို့ ဆိုပါတယ်။

အဲဒီလို ဘင်လာဒင်ရဲ့ အိမ်ဝင်းထဲက စစ်ဆင်ရေး အကြောင်း အသေးစိတ် တွေက တစထက် တစ အမျိုးမျိုး ထွက်ရှိနေ သလို အခုဆိုရင် ဒီအိမ်ဝင်းကြီး အနီးတဝိုက်ကို ပါကစ္စတန် ပြည်တွင်း ပြည်ပက သတင်းထောက်တွေ အများအပြား ရောက်ရှိ နေကြပါတယ်။

အင်္ဂါနေ့က စလို့ ဒီခြံဝင်း တစ်ဝိုက်ကို သတင်းထောက်တွေ ဝင်ထွက်ခွင့် ပေးလာလို့ ဒီခြံဝင်းကြီး ရှိတဲ့ ရပ်ကွက်ထဲမှာ ဘင်လာဒင် ဘယ်လို နေထိုင်ခဲ့သလဲဆိုတာ စူးစမ်း နေကြပါတယ်။

ခြံဝင်းထဲက သုံးထပ်တိုက် အဆောက်အအုံထဲမှာ ဘင်လာဒင်ရဲ့ ဇနီးတွေနဲ့ သားသမီးတွေ၊ အိမ်ဖော်တွေလည်း နေထိုင်ကြတယ်လို့ သတင်းတွေက ဆိုပါတယ်။

အမေရိကန် ကနေ ဂြိုဟ်တုက ထောက်လှမ်း ကြည့်ရာမှာတော့ ဒီအိမ်ထဲမှာ အမျိုးသား နှစ်ဦးနဲ့အတူ မိသားစုတစ်စု ရှိနေတာ တွေ့ရတယ်လို့ ဆိုပါတယ်။

နောက်ပြီး အိမ်ထဲက လူတွေဟာ ရပ်ကွက်ထဲ၊ မြို့ထဲက မင်္ဂလာဆောင်ပဲ ဖြစ်ဖြစ်၊ ပွဲလမ်းပဲ ဖြစ်ဖြစ် ဘယ်တုန်းကမှ သွားလည်တာ မတွေ့ဘူးဖူးလို့ ဒေသခံတွေက ပြောပါတယ်။

ဒါပေမယ့် ဒီခြံဝင်းထဲကို ကျည်ကာကားလိုမျိုး ယာဉ်တွေတော့ မကြာခဏ ဝင်ထွက်တတ်တယ်လို့ ဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။

အမေရိကန် အရာရှိတွေဘက်က ပြောရာမှာလည်း ဒီအိမ်ကြီးထဲကနေ အပြင်ကို အမှိုက်ပစ်လေ့ မရှိသလို အိမ်တွင်းက အမှိုက်ကို ခြံအတွင်းမှာပဲ မီးရှို့လေ့ ရှိတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် အိမ်သန့်ရှင်းရေးနဲ့ အိမ်အကူလုပ်ဖို့အတွက် ရပ်ကွက်တွင်းကနေ လူ ၂ ဦး ၃ ဦးလောက် ခေါ်ခိုင်းတတ်တယ်လို့ ဆိုပါတယ်။

သုံးထပ် အိမ်ကြီးမှာတော့ ပြတင်းပေါက်တွေ သိပ်မတွေ့ရသလို အိမ်ကြီးရဲ့ အပေါ်ဆုံးထပ်က အခန်းတစ်ခန်းကို ၇ ပေမြင့်တဲ့ သီးသန့်နံရံတစ်ခု ထပ်ပြီး ကာရံထားပါ။

ဒီအထပ်က အိပ်ခန်းမှာပဲ သွေးစွန်းနေတဲ့ ကြမ်းပြင်ကို မြင်ရလို့ ဘင်လာဒင်ဟာ ဒီအထပ်မှာ နေခဲ့ပုံရတယ်လို့ ပြောနိုင်ပါတယ်။