ပြည်တွင်း ပြည်ပ အရပ်ဘက် အဖွဲ့ တွေ ဆွေးနွေး

အင်ဒိုနီးရှား နိုင်ငံမှာ အာဆီယံ လူထု အခြေပြု အဖွဲ့ အစည်း များရဲ့ သုံးရက်ကြာ ဆွေးနွေးပွဲ ကျင်းပ နေရာမှာ ဗုဒ္ဓဟူးနေ့ ကတော့ မြန်မာ နိုင်ငံ အရေး ဆွေး နွေးခဲ့ကြ ပါတယ်။

ဓာတ်ပုံ မူပိုင် Getty
Image caption အာဆီယံနဲ့ မြန်မာ နိုင်ငံ အပြန်အလှန် တည်မှီနေ

မေလ ၇ ရက်နေ့မှာ စတင်ကျင်းပမယ့် အာဆီယံ ထိပ်သီး ညီလာခံ မတိုင်ခင် အင်ဒိုနီးရှား နိုင်ငံ ဂျကာတာမြို့တော်မှာ ဆက်လက် ကျင်းပ နေတဲ့ အဲဒီ ဆွေးနွေးပွဲကို မြန်မာ နိုင်ငံက အန်အယ်ဒီ ပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် ကလည်း ဗီဒီယို နဲ့ သဝဏ်လွှာ ပေးပို့ခဲ့ ပါတယ်။

အာဆီယံဟာ မြန်မာ နိုင်ငံရဲ့ အကျိုး စီးပွားနဲ့ အနာဂတ် အတွက် အရေးကြီး သလို မြန်မာ နိုင်ငံ ဟာလည်း အာဆီယံ အတွက် အရေး ပါလိမ့်မယ်လို့ မျှော်လင့် ကြောင်း ဒေါ်အောင်ဆန်း စုကြည်က ပြောပါတယ်။

အင်ဒို နီးရှားမှာ ဒီမို ကရေစီ ရအောင် ဆောင်ရွက်ခဲ့ သလို မြန်မာ နိုင်ငံ ကလည်း ဆောင်ရွက် နိုင်ချင်တာ ကြောင့် ကူညီ ပါလို့ လည်း ဒေါ်အောင်ဆန်း စုကြည်က ပြော ပါတယ်။

အရပ်သား အဖွဲ့ အစည်းတွေ ပါဝင်တဲ့ မြန်မာ နိုင်ငံ အရေး ဆွေးနွေး ပွဲမှာတော့ ပြည်တွင်း ကရော ပြည်ပမှာ အခြေစိုက်တဲ့ လူထု အခြေပြု အဖွဲ့တွေပါ တက်ရောက် ဆွေးနွေး ခဲ့ကြပါတယ်။

မြန်မာ နိုင်ငံနဲ့ ပတ်သက်ပြီး အာဆီယံ နိုင်ငံတွေက ဘယ်လို သဘောထား ရှိသင့် သလဲ ဆိုတာ ဆွေးနွေးခဲ့ကြတယ်လို့ ပြည်ပ အခြေစိုက် အာဆီယံ ဆိုင်ရာ မြန်မာ လုပ်ငန်း အဖွဲ့ ညှိနှိုင်း ဆောင်ရွက်ရေးမှူး ဦးအောင်မျိုးမင်းက ပြောပါတယ်။

အခု မြန်မာ နိုင်ငံမှာ ပြောင်းလဲမှုလို့ ပြောနေကြတဲ့ အပြောင်း အလဲ ဆိုတာ တွေဟာ တကယ် မဟုတ်ဘဲ လူ့ အခွင့် အရေးနဲ့ အမျိုး သမီး အခွင့် အရေး ချိုးဖောက်မှုတွေ ဆက်လက် ရှိနေတုန်း ဖြစ်တာတွေကို အာဆီယံ မှာ ရှိတဲ့ အစိုးရတွေ ရော ပြည်သူတွေပါ သဘော ပေါက်ဖို့ လိုအပ်တယ်လို့ သူက ဆိုပါတယ်။

မြန်မာ နိုင်ငံတွင်းမှာ လူ့ အခွင့် အရေး ချိုးဖောက်မှုတွေ ဆက်လက် ရှိနေ သေးပြီး အရေးယူတာတွေ မရှိသေးတဲ အတွက် စုံစမ်း စစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းဖို့ကို အာဆီယံ နိုင်ငံတွေက ထောက်ခံဖို့လည်း တင်ပြ ဆွေးနွေး ခဲ့တယ်လို့ ဦးအောင်မျိုးမင်းက ပြောပါတယ်။

မြန်မာ နိုင်ငံတွင်းကတော့ မကြာသေးခင်ကမှ အစိုးရသစ်ရဲ့ အကြံပေး အဖွဲ့ အစည်း တွေမှာ အကြံပေး ပုဂ္ဂိုလ် တွေ အဖြစ် ခန့်အပ် ခံခဲ့ကြတဲ့ အရင် အစိုး ရ လက်ထက်က ရဲမှူးကြီး ဦးစစ်အေး၊ ဒေါက်တာ ကိုကိုလှိုင်၊ ဒေါက်တာ နေဇင်လတ် အပါအဝင် အစိုးရနဲ့ နီးစပ်သူတွေက အရပ်သား အဖွဲ့ အစည်း တွေ အမည်ခံပြီး ဆွေးနွေးပွဲ လာတက်ခဲ့ကြ တယ်လို့ ဦးအောင်မျိုးမင်းက ပြောပါတယ်။

အခုလို ပြည်တွင်းနဲ့ ပြည်ပက လူထု အခြေပြု အဖွဲ့ အစည်းတွေ ပူးပေါင်းပြီး လက်တွဲ လုပ်ဆောင်နိုင်အောင် နှစ်ဘက် ယုံကြည်မှု တည်ဆောက်နိုင်ဖို့ က အရေးကြီးပြီး သူတို့ ဘက်ကတော့ လက်ကမ်း ကြိုဆိုပါတယ်လို့ အာဆီယံ ဆိုင်ရာ မြန်မာ လုပ်ငန်း အဖွဲ့ ညှိနှိုင်း ဆောင်ရွက်ရေးမှူး ဦးအောင်မျိုးမင်းက ပြောပါတယ်။