အီဂျစ် ဝန်ကြီးဟောင်းကို ထောင်ဒဏ် အပြစ်ပေး

အီဂျစ် ပြည်ထဲရေး ဝန်ကြီးဟောင်းကို ထောင်ဒဏ် အပြစ်ပေး

ဓာတ်ပုံ မူပိုင် BBC World Service
Image caption မစ္စတာ အက်ဒ်လီဟာ တချိန်က လူတွေ ကြောက်ရွံ့ခဲ့ကြရသူပါ

အီဂျစ် ပြည်ထဲရေး ဝန်ကြီးဟောင်း Habib al-Adli ကို ငွေကြေး ခဝါချမှု၊ အဂတိ လိုက်စားမှု စတဲ့ စွဲချက်တွေနဲ့ အီဂျစ်တရားရုံး တခုက ထောင်ဒဏ် ၁၂ နှစ် အပြစ် ပေးလိုက်ပါတယ်။

တချိန်တုန်းက သူ့လက်အောက်မှာ ရှိတဲ့ လုံခြုံရေး တပ်ဖွဲ့ ဝင်တွေရဲ့ ရက်စက် ကြမ်းကြုတ်မှုကြောင့် လူအများ ကြောက်ရွံ့ခဲ့ကြရတဲ့ မစ္စတာ Adli ဟာ ဖေဖေါ်ဝါရီလတုန်းက သမ္မတ မူဘာရက်ကို ဖယ်ရှားခဲ့ ပြီးတဲ့ နောက်ပိုင်း ပထမဆုံး အရေးယူ ခံခဲ့ရတဲ့ ဝန်ကြီးဟောင်း တဦး ဖြစ်ပါတယ်။

ဒါ့အပြင် ဒီမိုကရေစီ တောင်းဆိုတဲ့ အုံကြွမှုတွေ အတွင်း သတ်ဖြတ်မှုတွေ ကျူးလွန် ခဲ့တယ်ဆိုပြီး မစ္စတာ Aldi ကို နောက်ထပ် သီးခြား တရားစွဲဆို ထားတာလည်း ရှိပါသေးတယ်။

သူကတော့ ဒါမမှန်ဘူးလို့ ငြင်းဆို ထားပါတယ်။

ဒီတရားရုံး ဆုံးဖြတ် ချက်ကို ကြည့်ပြီး အီဂျစ် ယာယီ အစိုးရဟာ မစ္စတာ မူဘာရက် အစိုးရ လက်ထက်တုန်းက ခေါင်းဆောင် တွေကို တကယ် အရေးယူ နေတယ်လို့ ဒီမိုကရေစီရေး လှုပ်ရှားသူတွေက လက်ခံလာအောင် အထောက်အကူ ဖြစ်စေတယ်လို့ ဘီဘီစီ သတင်းထောက် တဦးက ဆိုပါတယ်။