ထိုင်းကို ခိုးဝင်တဲ့ မြန်မာအလုပ်သမားတွေ ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ မဲဆောက်ကနေ ဘန်ကောက်မြို့ဆီ တောလမ်းကနေ သွားနေကြတဲ့ မြန်မာအလုပ်သမား ၆၀ ကျော် ဒီကနေ့ စနေနေ့မှာ ဖမ်းဆီးခံလိုက်ရပါတယ်။

Image caption ဒီနှစ်ထဲ တောလမ်းမှာ ဖမ်းဆီးမိတဲ့ အုပ်စုတွေ ထဲမှာ ဒါအများဆုံးဖြစ်ပါတယ်

ထိုင်းနိုင်ငံ မဲဆောက်မြို့နယ် မယ်ပရွာဖက်ကနေ တောလမ်းအတိုင်း တာခ်ခရိုင်မြို့တော်ကို ခြေကျင်သွားနေတဲ့ မြန်မာနိုင်ငံသား အမျိုးသား အမျိုးသမီးတွေပါတဲ့ အုပ်စုတစုကို ဒေသခံ ကျေးရွာ ပြည်သူ့စစ်တွေက ဒီနေ့မနက်ပိုင်းက သူတို့ ထမင်းစားဖို့နားနေတဲ့ တောအုပ်ကို ဝိုင်းပြီး ဖမ်းဆီးလိုက်တာ ဖြစ်ပါတယ်။

တာခ်ခရိုင်အုပ်ချုပ်ရေးမှူးက တရားမဝင် မြန်မာ အလုပ်သမားတွေ ထိုင်းနိုင်ငံ အတွင်း ပိုင်းကို ခိုးမဝင်နိုင်အောင် တင်းတင်းကြပ်ကြပ် ဆောင်ရွက်ရမယ်ဆိုတဲ့ အမိန့်အရ၊ နယ်စပ် တလျှောက်မှာရှိတဲ့ ရွာသူကြီးတွေနဲ့ ပြည်သူ့စစ်တွေဟာ နေ့ရောညပါ ကင်းလှည့်နေတဲ့ အတွက် အခုလို မကြာခဏ ဖမ်းဆီးခံ နေရတာ ဖြစ်ပါတယ်။

အခုနှစ် အစပိုင်းကနေ အခုအချိန်အထိ တောလမ်းကနေ ခြေကျင်သွားလို့ ဖမ်းဆီးမိတဲ့ အုပ်စုတွေအထဲမှာ ဒါအများဆုံးဖြစ်ပါတယ်။

အခုလို ဖမ်းဆီးရမိခဲ့ပုံကို မယ်ပရွာအမှတ် ၃ ရပ်ကွက်သူကြီး နိုင်ဆုမ်ခစ် တမ်ဖွတ်က အခုလို ပြောပြပါတယ်။

Image caption ထိုင်း ပြည်သူ့စစ်တစု တောင်ယာထဲမှာ ကင်းပုန်းဝပ် နေတုံး ဒီ ၆၂ ဦးကို ဖမ်းဆီးမိတာ

'' အခုတလော တရားမ၀င် မြန်မာ အလုပ် သမားတွေ မြ၀တီကနေ ထိုင်းကူတိုးဆိပ် အမှတ် ၁၄ ကို ဖြတ်ပြီး မယ်ပရွာဖက်ကနေ ပြည်တွင်းကို အတော် များများခိုး၀င်နေ ကြတယ်။ မယ်ပရွာက ပြည်သူ့စစ်တစု တောင်ယာထဲမှာ ကင်းပုန်း၀ပ်နေတုံး နောက် ပြည်သူ့စစ် တစုက ချောင်းရိုး တလျှောက် ကင်းလှည့်ရာက ဒီမြန်မာနိုင်ငံ သား ၆၂ ယောက်ကို တွေ့လို့ ဖမ်းဆီးပြီး၊ မဲဆောက်မြို့ပိုင်ရုံးက တာဝန်ရှိသူတွေကို ဆက်သွယ် အပ်ပေးခဲ့တာလို့'' ရှင်းပြပါတယ်။

အခုလို ထိုင်းအာဏာပိုင်တွေက လိုက်လံဖမ်းဆီးနေတဲ့အတွက် အဖမ်းခံရပြီး မြန်မာနိုင်ငံ ဘက်ကို ပြန်ပို့ခံရသူတွေရှိသလို အဖမ်းအဆီးမခံရဘဲ ဘန်ကောက်နဲ့ တခြားမြို့ကြီးတွေကို ရောက်သွားတဲ့သူတွေလည်း အများကြီးရှိပါတယ်။

သင်္ကြန်ပြီးကတည်းက ထိုင်းနယ်စပ်ကိုလာပြီးတော့ ဘန်ကောက်ကို သွားအလုပ်လုပ်ဖို့ ကြိုးစားရင်း ၅ ကြိမ် အဖမ်းခံဖူးတဲ့ သူတဦးက သူဘန်ကောက်ကို ဘာကြောင့် သွားချင် ရတယ်ဆိုတာကို အခုလို ရှင်းပြပါတယ်။

Image caption ဖမ်းမိသူတွေကို ထိုင်းအာဏာပိုင်တွေက မြန်မာဘက်ကို ပြန်ပို့လေ့ရှိပါတယ်

'' ကိုယ်ပိုင်လယ်၊ ပဲရော၊ စပါးရောပေါ့၊ ဟိုဖက်ဒီဖက် မျှပြီးလုပ်တယ်။ ပဲကတော့ ရာသီဥတုမိုးက နှောင်းတော့ ပျက်စီး သွားတယ်။ စပါးကျတော့လည်း၊ ပိုးမွှား ကျတယ်။ ကြွက်ကိုက်တယ်။ အဲဒါနဲ့မရ တော့၊ အရှုံးပေါ်တာနဲ့ ဒီဖက်တက်ပြီးတော့၊ ဘန်ကောက်တက်မယ်။ အဲမှာအလုပ်လုပ် မယ်။ နောက်ပိုင်း ပြန်ရင်းပြီးတော့၊ ပြန်လုပ်မှာပေါ့ ဒီပဲကို ''

၃ ကြိမ် အဖမ်းခံရသူ နောက်တဦးကတော့.. '' လယ်အလုပ်ပဲ ဒုက္ခရောက်တာပေါ့။ တနေ့ ၂၅၀၀၊၃၀၀၀ ရတယ်။ မိသားစု စားမလောက်ဘူး။ ဘန်ကောက်တက်။ အလုပ်ကို၊ ဒီက ကယ်ရီတွေ ရှာပေးမယ်ပေါ့။ မိသွားတာ ၃ ခေါက်ရှိသွားပြီ '' လို့ ရှင်းပြပါတယ်။

ဖမ်းဆီးရမိတဲ့ သူတွေကိုတော့ ထိုင်းအာဏာပိုင်တွေက မြန်မာဖက်ကိုပြန်ပို့လေ့ရှိပါတယ်။ အဲဒီလူတွေကို ဘန်ကောက်အရောက် ပို့ပေးမယ်ဆိုပြီး ငွေယူထားတဲ့ ကယ်ရီသမားက ငွေကို ပြန်ပေးလေ့မရှိပါဘူး။ စိတ်ဓါတ်ကျပြီး မြန်မာနိုင်ငံကို နောက်ကြောင်း ပြန်သူတွေက ငွေရှုံး ပါတယ်။

နောက်ကြောင်းမှာ ကြွေးမြည်တွေနဲ့ မိသားစုအကျပ်အတည်းတွေရှိနေသူတွေက နောက်ထပ် အကြိမ်ကြိမ် ကြိုးစားရင်းနဲ့ ကံကောင်းတဲ့တကြိမ်မှာ ဘန်ကောက်ကို ရောက်သွားလေ့ ရှိကြ ပါတယ်။