အဆွဲ ခံရတဲ့ ခလေးစစ်သား အိမ်ပြန်ရောက်

  • 7 မေ 2011
child soldier
Image caption မြန်မာ နိုင်ငံက လက်နက်ကိုင် အဖွဲ့အစည်းတွေမှာ ခလေး စစ်သား အသုံးပြုမှု ကျယ်ပြန့်စွာ ရှိနေ

အိုင်အယ်လ်အို ရဲ့ အကူအညီနဲ့ မနှစ်က စစ်သား အဖြစ်စုဆောင်းခံ ရတဲ့ ဝေါမြို့ နယ်က ခလေးစစ်သား တစ်ယောက် မိဘထံ ပြန်ရောက် လာခဲ့ ပေမယ့် အလားတူ အဓမ္မ ခေါ်ခံရတဲ့ လှိုင်သာယာ မြို့နယ်က ခလေး တစ်ဦးကတော့ အိမ်ကိုပြန်ရောက်လာ ခဲ့ပြီးမှ ပြန်အဖမ်းခံခဲ့ရ ပြီး အခုတော့ ဘယ်ရောက်မှန်း မသိ ဖြစ်နေပါတယ်။

အိုင်အယ်လ်အို အကူအညီ နဲ့ ရှမ်းပြည်နယ် မိုင်းစံ တပ်ရင်း ၁၅၀ မှာ တာ၀န် ထမ်းဆောင် နေတဲ့ အသက် ၁၆ နှစ် အရွယ် မောင် အောင်ဇင်ထက်ကို ပြီးခဲ့တဲ့ အပတ်က ပြန်လည် ခေါ်ယူနိုင်ခဲ့ ပါတယ်။

ပဲခူးတိုင်း၊ ဝေါမြို့နယ်က ဦးအောင်နိုင်ရဲ့ သား ဖြစ်သူဟာ ၂၀၁၀ နှောင်းပိုင်းက စစ်တပ် ထဲကို ရောင်းစားတာ ခံခဲ့ရ ပြီး သင်တန်းဆင်းလို့ မိုင်းစံ တပ်ရင်းရောက်မှ မိဘက သိပြီး ပြန်လည် ခေါ်ယူနိုင်ခဲ့ တာ ဖြစ်ပါတယ်။

ရန်ကုန်မှာ အလုပ်လုပ်နေရင်း အလုပ်ရှင်နဲ့ အဆင်မပြေဖြစ် ပြီး အလုပ်ပြောင်းရာမှာ ဘေးလူ အကူအညီ ယူခဲ့မိကြောင်းနဲ့ အဲဒီလူက သူ့ကို မန္တလေးမှာ မှတ်ပုံတင် အတုလုပ် ပေးပြီး အမှတ် ၂ စုဆောင်းရေးကို ပို့ခဲ့ကြောင်း နဲ့ အဲဒီကမှ သထုံ၊ နောက် ဖောင်ကြီး ကို အပို့ခံခဲ့ရကြောင်း၊ ဖောင်ကြီးက သင်တန်းဆင်း အပြီးမှာ မိုင်းစံကို ရောက်သွားခဲ့ကြောင်း တွေကို မောင်အောင်ဇင်ထက်က ပြောပြ ခဲ့ပါတယ်။

မောင်အောင်ဇင်ထက်ဆိုတဲ့ နာမည်ကိုတော့ စုဆောင်းရေးမှာ မင်းနိုင်ဦးလို့ ပြောင်းပေး ခဲ့တယ်လို့ ဆိုပါတယ်။

မောင်အောင်ဇင်ထက် မိဘ ရင်ခွင် ပြန်ရောက်လာနိုင် ခဲ့ပေမယ့် တပ်ထဲမှာ မနေ ချင်တော့လို့ မိဘရှိရာကို ပြန်ပြေးလာပြီးမှ ပြန် အဖမ်းခံခဲ့ရတဲ့ နောက် ခလေးတစ်ဦးကတော့ လှိုင်သာယာ၊ ရေကူးကန် လမ်းက ဦးသိန်းချစ် နဲ့ ဒေါ်မလေးတို့ ရဲ့သား မောင်ရဲထွန်းနီ ဖြစ်ပါတယ်။

သူဟာ ၂၀၀၁ ခုနှစ် ၁၅ နှစ် အရွယ်ထဲက စစ်သား အဖြစ် အစုဆောင်း ခံခဲ့ရ တာ ဖြစ်ပါတယ်။

ဒီခလေးကတော့ မနှစ် တန်ခူးလက မိဘဆီကို ပြန်ပြေးလာပြီးမှ တပ်ပြေးဆိုပြီး ပြန်ဖမ်း သွားလို့ မိဘ ကလေး စစ်သား အကူအညီ ပေးနေသူ တွေနဲ့ လိုက်ရှာပေမယ့် တပ်ကလည်း သူတို့ ပြန်လွှတ်လိုက်တယ် ပြောလို့ သေသလား၊ ရှင်သလား မသိဖြစ်နေရ ပါတယ်။

မောင်ရဲထွန်းနီရဲ့ မိခင် ဖြစ်သူ ဒေါ်မလေးက ပြောပြရာမှာတော့ ပြီးခဲ့တဲ့ တန်ခူးလက ကလေး ပြန်ရောက် လာ အပြီး ဧည့်စာရင်း သွားတိုင် ရာမှာ တိုက်ရိုက် ပြန်ခေါ်သွား ခံခဲ့ရတာ ဖြစ်ကြောင်း၊ အင်းတိုင် တပ်မ ၁၁ က ပြန်ခေါ်သွားခဲ့တယ်လို့ သာသတင်းကြား ခဲ့ရပြီး ခုထက်ထိ ပြန်မတွေ့ရ တော့ကြောင်း၊ သူကိုယ်တိုင်ကလဲ မသွားတပ် မလာတပ် လို့ ဘယ်ကိုမှ မရောက်နိုင် ဘူး ဖြစ်နေတယ်လို့ ဆိုခဲ့ပါတယ်။

ခလေးက ခေါင်းသိပ်မကောင်းလို့ စစ်တပ်ထဲမှာ မနေချင်ကြောင်း ပြောပြီး အခု ခလေး ဘယ်ရောက်နေလဲ ဆိုတာကို သိချင်လို့ ကူညီနိုင်ရင် ကူညီဖို့ ပြောပါတယ်။

စုဆောင်းခံရစဉ်က အသက်မပြည့်ပေမယ့် အခုတော့ အသက်မှီနေပြီ ဖြစ်လို့ ILOက အကူအညီ ပေးနိုင်သေးသလား ဆိုတဲ့ အပေါ်မှာတော့ ပဲခူးမြို့ က လမ်းပြကြယ် အဖွဲ့ခေါင်းဆောင် ရှေ့နေ ဦးအေးမြင့်က အိုင်အယ်လ်အို အနေနဲ့ မြန်မာ နိုင်ငံမှာ လုပ်ပိုင်ခွင့် နှစ်ခု သာရှိကြောင်း၊ တစ်ခုက ခလေး စစ်သားနဲ့ ကျန်တစ်ခုက အဓမ္မ လုပ်အားပေး တို့ ဖြစ်ပြီး အခုကိစ္စ မှာ အဓမ္မ စစ်မှုထမ်း ခြင်း ဖြစ်လို့ ပြန်လည်ခေါ်ယူ နိုင်တယ်လို့ ဆိုပါတယ်။

ဒီ ၂၀၁၁ နှစ်ဆန်းပိုင်းမှာတင် လမ်းပြကြယ် အဖွဲ့ အနေနဲ့ ၁၈ နှစ်အောက် ကလေး စစ်သား ၁၀ ယောက်နဲ့ ၁၈ နှစ် အထက် ၄ ဦး တို့ အတွက် အိုင်အယ်လ်အိုနဲ့ ချိတ်ဆက်လို့ ကူညီ ပေးန ရတယ်လို့ လဲ ပြောပြခဲ့ပြီး ကလေး ၂ ဦးကိုတော့ မိဘ ရင်ခွင် ကို ပြန်လည် အပ်နှံပေး ခဲ့တယ်လို့ ဆိုပါတယ်။