ရခိုင်ပြည်နယ် ငါးဖမ်းလုပ်ကွက် ငှားရမ်းမှာကို ကန့်ကွက်

Image caption ရေသွင်းရေထုတ်တာတွေ လုပ်တဲ့တွက် စပါး စိုက်ခင်းတွေ ပျက်စီးမှုတွေရှိ

ရခိုင်ပြည်နယ် အစိုးရက မြစ်ချောင်း အင်းအိုင်နဲ့ ပင်လယ် လုပ်ကွက်တွေကို ပုဂ္ဂလိက စီးပွားရေးသမားတွေကို မနက် ဖြန်မှာ လေလံတင်ပြီး ဌားရမ်းမှာ ဖြစ်တဲ့ အတွက် ရခိုင်တိုင်းရင်းသားများ တိုးတက် ရေးပါတီက ပြည်နယ်ဝန်ကြီးချုပ်နဲ့ ငါး လုပ်ငန်း ဦးစီးဌာနကိုပါ စာရေးသားပြီး ကန့်ကွက်ပေမယ့် ပြည်နယ် အစိုးရက ဆက်လက် ငှားရမ်းဖို့ စီစဉ်နေတယ်လို့ စစ်တွေမြို့နယ် ပြည်နယ် လွှတ်တော်အမတ် ဦးအောင်မြကျော်က ပြောပါတယ်။

ခုလို မြစ်ချောင်းတွေကို ဌားရမ်းတာဟာ သာမန်ပြည်သူတွေကို အထူး ထိခိုက်မူ ရှိနေပြီး၊ ငါးဖမ်းခွင့်မရတဲ့ အတွက် ကျေးရွာအလိုက် ပြောင်းရွှေ့ သွားရတာတွေ ရှိနေတယ်လို့ ပြောပါတယ်။

မြေပုံမြို့နယ်က ဒေသခံ တစ်ဦးကလည်း မြေပုံနယ် ငမန်းရဲကျွန်းက ချောင်း (၆) ချောင်းကို ဒီနှစ်မှာ မငှားရမ်းဖို့ ငါးလုပ်ငန်း ဦးစီးဌာနဲ့ မြို့နယ် အာဏာပိုင်တွေကို စာရေးသား မေတ္တာ ရပ်ခံပေမယ့် မနက်ဖြန်မှာ အဲဒီချောင်းတွေကို လေလံပစ် ငှားရမ်းဖို့ စီစဉ်နေတယ်လို့ ပြောပါ တယ်။

အဲသလို ချောင်းတွေကို ငှားရမ်းတဲ့ အခါ စီးပွားရေး သမားတွေဟာ ရေတွေကို ဖေါက်ချင် သလို ဖေါက်၊ သွင်းချင်သလို သွင်းတဲ့ အတွက် စပါးစိုက်ခင်းတွေ အထူးပျက်စီး ကုန်တယ်လို့ ပြောပါတယ်။

ဂိရိမုန်တိုင်းကြောင့် တောင်သူလယ်သမားတွေ အထူးထိခိုက်နေတဲ့အတွက် ဒီနှစ်မှာ ချောင်း တွေကို ငှားရမ်းရန် တာမံတွေလည်း အပြည့်အဝ မတုတ်နိုင်သေးတဲ့ အတွက် လယ်မြေ တွေ အများကြီး ပျက်စီး ကုန်နိုင်တယ်လို့လည်း ပြောပါတယ်။

လေလံဆွဲမယ့်သူတွေကတော့ အခုအခါ စစ်တွေမှာ စုရုံးရောက်ရှိနေပြီး၊ အခုလို ချောင်းတွေ မြစ်တွေကို ငှားရမ်းတဲ့ အခါ လုပ်ကွက် ၁၂၀ သတ်မှတ်ထားပြီး တကွက်ကို သိန်းသုံးရာ အထက်ထိ လေလံပစ်တယ်လို့ သိရပါတယ်။

ဧရာ၀တီ မြစ်၀ကျွန်းပေါ်ဒေသ အပါအ၀င် တခြား ဘယ်ဒေသတွေမှာမှ အခုလို လုပ်တာမျိုး မရှိသေးပါဘူး။

ကိုခိုင်မြတ်ကျော် သတင်းပေးပို့သည်။