ကျောက်စိမ်း လုပ်ကွက် သစ် နဲ့ ရွာသားတွေ အရေး

ကချင် ပြည်နယ် ဖါးကန့် မြို့နယ် အတွင်းက လုံးခင်း ကျေးရွာ အုပ်စုဝင် သာယာကုန်း ကျေးရွာ နေရာကို ကျောက်စိမ်း လုပ်ကွက်သစ် အဖြစ် အစိုးရက ချပေးလိုက်တဲ့ အတွက် စိုးရိမ်မှုတွေ ဖြစ်နေတဲ့ ရွာသားတွေကို ကချင်ပြည်နယ် ဝန်ကြီးချုပ် ကိုယ်တိုင် လာရောက် ဖြေရှင်း ပေးခဲ့ရပါတယ်။

Image caption မြန်မာနဲ့ တရုတ် နိုင်ငံ နယ်စပ်က ကျောက်စိမ်း ထည် အရောင်းဆိုင်

အစိုးရနဲ့ အကျိုးတူ ကုမ္ပဏီတစ်ခုက ကျောက်စိမ်း လုပ်ကွက်မှာ လုပ်ပိုင်ခွင့် ရယူခဲ့ ပြီးတဲ့နောက် ရွာကို ပြောင်းရ ရွေ့ရ မယ်၊ လျော်ကြေးငွေ ပေးမယ်လို့ ကုမ္ပဏီက ရွာသားတွေကို ပြောနေ တာ ဖြစ်ပါတယ်။

လုံးခင်း ကျောက်စိမ်း လုပ်ကွက်က သာယာကုန်း ကျေးရွာဟာ လွန်ခဲ့တဲ့ သုံးနှစ် တုန်းက သူတို့ရဲ့ အရင် ရွာဟောင်း ကနေ အခု နေရာကို ပြောင်းရွှေ့ ခံခဲ့ကြရတာ ဖြစ်ပါတယ်။

ရွာသစ်တည်ပြီး သုံးနှစ် အကြာ အခု တခါ ခွန်ဆာကုန်း ဆိုတဲ့ နေရာကို ထပ်ပြောင်းရ ရွေ့ရမယ် ဆိုလို့ ဒေသခံတွေ စိတ်မသက် မသာ ဖြစ်နေကြရ ပါတယ်။

သာယာကုန်းရွာမှာ အိမ်ခြေပေါင်း လေးရာကျော် လောက်ရှိပါတယ်။ ကျောက်စိမ်း လုပ်ကွက် လုပ်ခွင့်ရတဲ့ ကုမ္ပဏီက သိန်း လေးဆယ် ကနေ ငါးဆယ် တန်တဲ့ နေအိမ် တစ်လုံးကို ၁၀ သိန်းကနေ ဆယ့်ငါးသိန်း လျော်ကြေး ပေးမယ်လို့ ပြောတဲ့ အကြောင်း အဲဒီ ဒေသခံ ရွာသားက ဘီဘီစီကို ပြန်ပြောပါတယ်။

သူတို့ နေအိမ်တွေနဲ့ မြေကွက်တွေရဲ့ တန်ဖိုးက အပေါ်ယံ အားဖြင့် ကြည့်မယ် ဆိုရင် ကုမ္ပဏီ ဘက်က ကမ်းလှမ်း သလောက် သာ တန်ဖိုး ရှိတယ်လို့ ဆိုနိုင်ပေမဲ့ မြေအောက်က ကျောက်စိမ်းကြော ရှိနေတဲ့ မြေယာတွေ ပေါ်မှာ တည်ဆောက်ထားတဲ့ အိမ်တွေ ဖြစ်နေလို့ သန်း လေး ငါးဆယ် တန်တာလို့ လည်း ပြောနေကြပါတယ်။

အခုလို ရွာသားတွေက ပြောင်းရွှေ့လိုစိတ် မရှိတဲ့ အခြေ အနေကြောင့် ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးလဂျန် ငန်ဆိုင်း ကိုယ်တိုင် သာယာကုန်း ရွာကို ပြီးခဲ့တဲ့ စနေနေ့ သွားရောက်ပြီး ဒေသခံတွေနဲ့ ဆွေးနွေးခဲ့ ပြီးတဲ့ နောက် ဒေသခံတွေ သဘောမတူရင် ပြောင်းရွှေ့ စရာမလိုဘူးလို့ အားပေး စကားပြောသွား တာကိုလည်း ဒေသခံက ပြန်ပြော ပါတယ်။