တစည ဗဟိုကော်မီတီ အစည်း အဝေး စတင်

  • 9 မေ 2011

ပြီးခဲ့တဲ့ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ အပြီး ပထမဆုံး အကြိမ် တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီရဲ့ ဗဟို ကော်မီတီ အစည်း အဝေးကို တနင်္လာ နေ့က စတင် ကျင်းပနေပါတယ်။

Image caption ပြီးခဲ့တဲ့ နှစ်က ပါတီ နှစ်ပတ်လည်နေ့ ကျင်းပ ခဲ့စဉ်

နှစ်ရက်ကြာ ပါတီ ညီလာခံကို ပြည်နယ်နဲ့ တိုင်းက ပါတီ ဗဟို ကော်မီတီဝင် ၁၄၀ ကျော် တက်ရောက်ခဲ့ကြတယ်လို့ ပါတီ ပြောရေး ဆိုခွင့် ရှိသူ ဦးဟန်ရွှေက ဘီဘီစီကို ပြော ပါတယ်။

အဲဒီ ညီလာခံမှာ ပါတီရဲ့ ဖွဲ့စည်းပုံဆိုင်ရာ စည်းမျဉ်းတွေ အရ ဗဟို အလုပ် အမှုဆောင် ကော်မီတီက သူ့ရဲ့ လုပ်ဆောင်ချက် တွေကို ဗဟို ကော်မီတီထံ အစီရင်ခံစာ တင်သွင်းပြီး ပါတီရဲ့ ရှေ့ လုပ်ငန်းစဉ်တွေကို ဆွေးနွေးကြတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရွေးကောက်ပွဲ တုန်းက ပြည်နယ်နဲ့ တိုင်း အလိုက် တွေ့ကြုံခဲ့ရတဲ့ အတွေ့ အကြုံတွေကို ပြန်လည် တင်ပြကြတဲ့ အပြင် ၁၉၉၁ ခုနှစ်ကတည်းက အတည်ပြု ထားခဲ့ ကြတဲ့ ပါတီ ဖွဲ့စည်းပုံ စည်းကမ်း တွေကို ပြန်လည် သုံးသပ်ပြီး အချိန်အခါနဲ့ လျော်ညီအောင် ပြင်ဆင်သင့်တာတွေ ပြင်ဆင်ရေးလည်း ဆွေးနွေးကြမှာပါလို့ ဦးဟန်ရွှေက ပြောပါတယ်။

ပြီးခဲ့တဲ့ လွှတ်တော်တွင်း နိုင်ငံရေးနဲ့ ပတ်သက်လို့ သီးသန့် တင်ပြ ဖို့ မရှိပေမဲ့ ဆွေးနွေးကြတဲ့ အကြောင်း အရာတွေထဲမှာ ပါလာရင်တော့ ထည့်သွင်း ဆွေးနွေးမှာ ဖြစ်တယ်၊ အဓိက အားဖြင့် အခု ညီလာခံက ပါတီ စည်းရုံးရေးနဲ့ နောင်နှစ်တွေ မှာ လုပ်ဆောင်မယ့် ရှေ့လုပ်ငန်းစဉ်တွေကို သာ ဆွေးနွေးကြမျာ ဖြစ်တယ်လို့လည်း ပြောရေး ဆိုခွင့် ရှိသူ ဦးဟန်ရွှေက ပြောပါတယ်။