မြန်မာကို လေ့လာဖို့ အာဆီယံပြင်ဆင်

  • 10 မေ 2011
Marty
Image caption အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး မစ္စတာ မာတီ နာတာလီဂါဝါ

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး မစ္စတာ မာတီ နာတာလီဂါဝါဟာ မကြာခင်ကာလ အတွင်း မြန်မာနိုင်ငံကို သွားရောက်ဖို့ စီစဉ်နေပါတယ်။

အင်ဒိုနီးရှားဟာ လက်ရှိ အာဆီယံရဲ့ အလှည့်ကျဥက္ကဌ တာဝန်ကို ယူထားတဲ့ နိုင်ငံဖြစ်ပါတယ်။

ပြီးခဲ့တဲ့စနေ၊ တနင်္ဂနွေနေ့တွေတုန်းက ဂျကာတာမှာ ကျင်းပခဲ့တဲ့ အာဆီယံထိပ်သီး ညီလာခံအတွင်း ဆွေးနွေးခဲ့ကြတဲ့ ၂၀၁၄ ခုနှစ်မှာ မြန်မာနိုင်ငံ အာဆီယံဥက္ကဌ လုပ်နိုင်ဖို့ အခြေအနေ ရှိမရှိဆိုတာကို မစ္စတာ မာတီ နာတာလီဂါဝါနဲ့အဖွဲ့က သွားရောက်လေ့လာမှာ ဖြစ်တယ်လို့ သိရပါတယ်။

မြန်မာအစိုးရရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ဒီမိုကရေစီရေးတွေက ဝေဖန်စရာ၊ မေးခွန်းထုတ်စရာ ဖြစ်နေတဲ့အတွက် လူ့အခွင့်အရေးအဖွဲ့အစည်းတွေကတော့ မြန်မာနိုင်ငံ ဥက္ကဌ တာ၀န်မပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

မစ္စတာနာတာလီဂါဝါရဲ့ ပြောခွင့်ရသူ မိုက်ကယ် တယ်နီကတော့ အာဆီယံမှာ နာမည်အစဉ် လိုက်ဆိုရင်တော့ မြန်မာနိုင်ငံဟာ ဥက္ကဌတာဝန်ကို ၂၀၁၆ ခုနှစ်ကျမှ ယူရမှာ ဖြစ်တယ်လို့ ပြောပါတယ်။

''လောနိုင်ငံက ၂၀၁၄ ခုမှာ တာဝန်ယူရမှာပါ။ ဒါပေမဲ့ မြန်မာနဲ့ လောနိုင်ငံကို နေရာချင်းလဲပြီး ဥက္ကဌတာဝန်ယူဖို့ တောင်းဆိုချက် ထွက်ပေါ်လာတဲ့ အတွက် ပြီးခဲ့တဲ့ ထိပ်သီး အစည်းအဝေးမှာ အဲဒီ ကိစ္စကို ဆွေးနွေးခဲ့ကြပါတယ်။ အာဆီယံအနေနဲ့ ဒီကိစ္စအတွက် သဘော မတူစရာ ဘာမှာ သိပ်မရှိပါဘူး။ ဒါပေမဲ့ မြန်မာအနေနဲ့ ဒီမိုကရေစီ လမ်းပြမြေပုံ အတိုင်း ဒီမိုကရေစီ ဖော်ဆောင်တဲ့ လုပ်ငန်းစဉ်တွေကို တိုးတက်အောင် ဆက်လက် အကောင် အထည် ဖော်သွားဖို့ လိုပါတယ်'' လို့ မစ္စတာ တယ်နီက ပြောပါတယ်။

မြန်မာအစိုးရကလည်း မစ္စတာ မာတီ နတာလီဂါဝါလာရောက်ဖို့ကို ဖိတ်ခေါ်ခဲ့တယ်လို့ သူက ပြောပါတယ်။

ဒါပေမဲ့ ရက်အတိအကျ မသတ်မှတ်ရသေးပါဘူး။ နောက်ပြီး သူ့ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံနိုင်ဖွယ်ရှိတယ်လို့လည်း ခန့်မှန်းချက်တွေ ရှိနေပါတယ်။