ကုလ အထူးကိုယ်စား မြန်မာပြည် လာမည်

  • 10 မေ 2011
Vijay Nambia met Daw Aung San Suu Kyi
Image caption မစ္စတာ နံဘီယာဟာ မြန်မာနိုင်ငံကို အရင်ကလည်း လာရောက်ခဲ့ဘူး ပါတယ်။

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ် မစ္စတာ ဗီဂျေး နမ်ဘီယာ ဟာ မြန်မာ နိုင်ငံကို မကြာခင် ရက်ပိုင်း အတွင်း လာရောက်ဖို့ ရှိပါတယ်။

သူ့ရဲ့ ခရီးစဉ် အတွင်း အစိုးရ ခေါင်းဆောင်ပိုင်းနဲ့ အပြင် (NLD) အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ နောက်ပိုင်း ရွေးကောက်ပွဲဝင် ပါတီတွေ နဲ့လည်း တွေ့ဆုံဖို့ ရှိတယ်လို့ သိရပါတယ်။

ဒါပေမယ့် ဘာတွေ ဆွေးနွေးမယ် ဆိုတာတော့ မသိရ သေးပါဘူး။

အန်အယ်ဒီ ပြောခွင့်ရသူ ဦးဉာဏ်ဝင်းက ကမ္ဘာ့ အဖွဲ့အစည်း ဖြစ်တဲ့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ အရေးမှာ ပါဝင် ပတ်သက်မှုဟာ အရေးကြီးတယ်လို့ ပြောခဲ့ပါတယ်။

ကုလသမဂ္ဂ အနေနဲ့ မြန်မာနိုင်ငံ အရေးနဲ့ ပတ်သက်ပြီး အခုထက်ပိုပြီး အင်အားရှိရှိနဲ့ ဆောင်ရွက် စေချင်တယ် လို့လည်း ဦးဉာဏ်ဝင်းက ဆိုပါတယ်။

၂၀၁၀ ရွေးကောက်ပွဲမှာ ပါဝင်ခဲ့တဲ့ အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ခေါင်းဆောင် တဦးဖြစ်သူ ဦးခင်မောင်ဆွေ ကတော့ ကုလသမဂ္ဂ ဟာ အန်အယ်ဒီနဲ့ အစိုးရကြား စေ့စပ် ညှိနှိုင်းပေးတဲ့ လုပ်ငန်းစဉ် ကို ဆက်လက် ဆောင်ရွက်သွားမယ့် ပုံရှိတယ်လို့ ဆိုခဲ့ပါတယ်။

အန်ဒီအက်ဖ် အပါအဝင် ရွေးကောက်ပွဲ ဝင်ခဲ့တဲ့ ပါတီ ၁၁ ဖွဲ့ဟာ မစ္စတာ နန်ဘီယာနဲ့ သောကြာနေ့ မနက်မှာ တွေ့ဆုံကြဖို့ ရှိပါတယ်။

မစ္စတာ နမ်ဘီးယားဟာ အထူးကိုယ်စားလှယ် အဖြစ် မြန်မာနိုင်ငံကို ဒုတိယ အကြိမ်အဖြစ် လာရောက်မှာ ဖြစ်သလို အစိုးရသစ် တက်လာပြီး နောက်ပိုင်း ပထမဆုံး လာရောက်မှာလည်း ဖြစ်ပါတယ်။