ရခိုင်ပိုက်လိုင်းကြောင့် သဘာဝဝန်းကျင်ထိခိုက်

Rakhine Ship
Image caption ဖောက်ခွဲ ရှင်းလင်းရေး သင်္ဘော

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့အနီးက ကျောက်တန်းတွေကို ဒိုင်းနမိုက်တွေနဲ့ ခွဲနေတာကြောင့် ကျောက်တန်းတွေ ပျက်စီးပြီး သဘာဝပတ်ဝန်းကျင်ကို ထိခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကျောက်ဖြူနဲ့ သုံးမိုင်အကွာ ပင်လယ်ထဲက နတ်မ သန္တာကျောက်တန်းကို သင်္ဘောတစ်စီးပေါ်ကနေ ဒိုင်းနမိုက်နဲ့ ဖောက်ခွဲနေတာ ဖြစ်ပါတယ်။ နိုင်ငံခြားကုမ္ပဏီပိုင် သင်္ဘောတစ်စီး ဖြစ်ပါတယ်။

ရေနေသတ္တဝါတွေ သေဆုံးတာတွေ တွေ့ရသလို၊ သဘာဝ ပတ်ဝန်းကျင် ကိုလည်း ထိခိုက်ပျက်စီးစေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အခုလို ဒိုင်းနမိုက်နဲ့ ခွဲတာဟာ ကျောက်ဖြူအနီးက ဖြတ်သွားမယ့် သဘာဝဓာတ်ငွေ့နဲ့ ရေနံပိုက်လိုင်း သွယ်တန်းတည်ဆောက်မယ့်အတွက် လမ်းကြောင်းထွင်ပြီး ရှင်းလင်းနေတာ ဖြစ်တယ်လို့ သိရပါတယ်။

ဒီစွမ်းအင်ပိုက်လိုင်းဟာ ရခိုင်ပြည်နယ်ကနေ တရုတ်နိုင်ငံထိ သွယ်တန်းမယ့် ပိုက်လိုင်းဖြစ်ပြီး ၂၀၁၃ ခုနှစ်မှာ အပြီး တည်ဆောက်မှာ ဖြစ်ပါတယ်။

ဒီပိုက်လိုင်းတည်ဆောက်မှုကြောင့် ဒီနေရာဒေသမှာ ပတ်ဝန်းကျင်အပါအဝင် အထွေထွေအကျိုးသက်ရောက်မှုတွေ ဘယ်လိုရှိနိုင်တယ်ဆိုတာ ဒေသခံတွေဆီကနေ စစ်တမ်းကောက်ယူတာမျိုး၊ လေ့လာတင်ပြတာမျိုးတွေ လုပ်တာ မတွေ့ရဘူးလို့လည်း သိရပါတယ်။