ကုလ အရာရှိ ခရီးစဉ် ဘယ်လောက် အရေးကြီးလဲ

  • 11 မေ 2011

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာ နိုင်ငံ ဆိုင်ရာ အကြံပေး အရာရှိ ဖြစ်သူ ဗီဂျေး နမ်ဘီးယားဟာ သူ့ရဲ့သုံးရက်တာ ခရီးစဉ်ရဲ့ အစ အဖြစ် ဗုဒ္ဓဟူးနေ့က မြန်မာ နိုင်ငံကို ရောက်ရှိ လာပါတယ်။

Image caption ပြီးခဲ့တဲ့ ခရီးစဉ် တုန်းကလည်း ဒေါ်အောင် ဆန်း စုကြည် နဲ့ တွေ့ခဲ့

မြန်မာ အစိုးရ ရဲ့ ဖိတ်ကြားချက် အရ ရောက်လာ ခဲ့တဲ့ မစ္စတာ နမ်ဘီယားရဲ့ ခရီးစဉ် အတွင်း မြန်မာ အစိုးရ ထိပ်တန်း အရာရှိ ကြီးတွေ နဲ့ရော ဒေါ်အောင်ဆန်း စုကြည် နဲ့ပါ တွေ့ဆုံဖို့ ရှိပါတယ်။

တခြား နိုင်ငံရေး ပါတီ တွေ အပါအဝင် အဖွဲ့ အစည်း အသီးသီးနဲ့ လည်း တွေ့ဆုံမယ်လို့ သိရ ပါတယ်။

မြန်မာနိုင်ငံ မှာ ဒီမို ကရေစီ ထွန်းကားရေး၊ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး လူ့အခွင့် အရေး ထွန်းကား စေရေးတို့ အတွက် အားပေး ကူညီ ဆောင်ရွက် လိုတဲ့ ရည်ရွယ်ချက် နဲ့ ကုလသမဂ္ဂ က အခုလို ကိုယ်စားလှယ် တွေ စေလွှတ် နေတာ ဖြစ်ပါတယ်။

မစ္စတာ နမ်ဘီးယားရဲ့ အခု ခရီးစဉ်ဟာ ရွေးကောက်ပွဲ အပြီး အစိုးရသစ် ပေါ်ပေါက် လာပြီးတဲ့နောက် ကုလသမဂ္ဂ ထိပ်တန်း အရာရှိကြီး တစ်ယောက်ရဲ့ ပထမဆုံး မြန်မာ နိုင်ငံ ခရီးစဉ် ဖြစ်တာကြောင့် အရေးကြီးတယ်လို့ NCGUB ပြည်ထောင်စု မြန်မာ နိုင်ငံ အမျိုးသား ညွန့်ပေါင်း အစိုးရအဖွဲ့ ကုလသမဂ္ဂရုံး တာဝန်ခံ ဒေါက်တာ သောင်းထွန်းက ပြောပါတယ်။

ပြီးခဲ့တဲ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံ အပါအဝင် အဖွဲ့ အစည်း အသီးသီးရဲ့ ဆုံးဖြတ်ချက် တွေအရ အမျိုးသား ပြန်လည် သင့်မြတ်ရေးနဲ့ ဒီမိုကရေစီ ရေးကို ဦးတည်တဲ့ ပြောင်းလဲမှု ဖြစ်ဖို့ ဆိုရင် အင်အားစု အားလုံး ပါဝင်တဲ့ နိုင်ငံရေး လုပ်ငန်းစဉ် တစ်ရပ်ကို ပြောင်းလဲဖို့ လိုတယ်လို့ တိုက်တွန်း ထားကြတာ ကြောင့် အခု မစ္စတာ နမ်ဘီးယားရဲ့ ခရီးစဉ်ဟာ ဖြစ်ပါတယ်။ အစိုးရသစ်နဲ့ အတိုက်အခံတွေဘက်က သဘောထားတွေကို စုံစမ်း လေ့လာပြီး ညှိနှိုင်း ဆောင်ရွက်နိုင်မယ့် အခွင့် အလမ်း တွေ ရှာဖွေဖို့ ဖြစ်တယ်လို့ ဒေါက်တာ သောင်းထွန်းက ပြောပါတယ်။

မြန်မာ အစိုးရသစ်က ကုလသမဂ္ဂရဲ့ အခန်း ကဏ္ဍကို အသိအမှတ်ပြုပြီး အခုလို ဖိတ်ကြားတာဟာ လုပ်သင့်တဲ့ လုပ်ရပ် လို့လည်း သူက ပြောပါတယ်။

အမျိုးသား ပြန်လည် သင့်မြတ်ရေးနဲ့ ပတ်သက်လို့ သမ္မတ သစ်ရဲ့ မိန့်ခွန်းတွေထဲမှာ တွေ့ရပေမယ့် လက်တွေ့ လုပ်ဆောင်တဲ့ အပိုင်းကိုတော့ မတွေ့ရသေးဘူးလို့ ဒေါက်တာ သောင်းထွန်းက ဆိုပါတယ်။