မဲလိမ်တယ် လို့ စွပ်စွဲခံရတဲ့ တစည အမတ် ၃ဦး အမှုနိုင်

  • 11 မေ 2011
parliament ဓာတ်ပုံ မူပိုင် AFP
Image caption ကြံ့ဖွံ့ ပါတီ အမတ် တွေ လွှမ်းမိုးထားတဲ့ ပါလီမန်

တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီ အမတ် ၃ဦး က မဲလိမ် ခဲ့တယ် လို့ ပြည်ထောင်စု ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ က စွပ်စွဲ တဲ့ အမှု ကို ရွေးကောက်ပွဲ ကော်မရှင် တရားရုံး က ကြားနာ ပြီးတဲ့ နောက် တစည ပါတီ အမတ် မဲနိုင်တာ အမှန် ဖြစ်ကြောင်း ဆုံးဖြတ် ပေး လိုက်ပါတယ်။

ပဲခူးတိုင်း ရွှေကျင်မြို့နယ် က ရွေးကောက်ခံ ရတဲ့ တစည အမတ် ၃ ဦး ဟာ မဲလိမ် လို့ ရွေးကာက်ပွဲ မှာ နိုင်သွား တာလို့ ကြံဖွံပါတီ ဝင်တွေက အမှု စွဲ ခဲ့ ပါတယ်။

ရွေးကောက်ပွဲ ကော်မရှင်တရားရုံး က မှန်မှန် ကန်ကန် ဆုံးဖြတ်ပေးတာ ကို တွေ့နေရ ကြောင်း အမျိုးသား ဒီမိုကရေစီ အင်အားစု NDF က အမတ် ဒေါက်တာ မြတ်ဉာဏစိုး က ဘီဘီစီ ကို ပြောပါတယ်။

ကြံ့ဖွံ့ ဘက်က မကျေနပ် လို့ တိုင်ကြား တဲ့ မဲလိမ်မှု တွေ ထဲ အခု အချိန် ထိ အမှု ၄ မှု ကို ရွေးကောက်ပွဲ ကော်မရှင် တရားရုံး က ဆုံးဖြတ်ပေးရာမှာ ကြံ့ဖွံ့ ဖက်က ပဲ ရှုံးတာ တွေ့ ရတယ် လို့ သူ က ဆိုပါတယ်။

ရွေးကောက်ပွဲ မှာ ကြံ့ဖွံ့ပါတီ ဖက် က မဲလိမ်မှု တွေ အများကြီး ရှိခဲ့ တယ်ဆိုတဲ့ သတင်း တွေ ထွက်ပေါ်ခဲ့ သလို ဒါတွေ အပေါ် ရွေးကောက်ပွဲ ကော်မရှင် က လျစ်လျှူရှုခဲ့ တယ် ဆိုတဲ့ သတင်း တွေ ရခဲ့ ပါတယ်။

အခု ကော်မရှင် တရားရုံး ကဆုံးဖြတ်ချက်တွေ ဟာ သက်ဆိုင်ရာ အတိုက်အခံ ပါတီ တွေ ဘက်က သူတို့ အနိုင်ရ သွားတဲ့ အတွက် လက်ခံ စရာတွေ ဖြစ်နေပေမယ့် လွှတ်တော် အတွင်းမှာ အမတ် အရေအတွက် အများအပြား အသာရထားပြီး ဖြစ်တဲ့ ကြံ့ဖွံပါတီ ရဲ့ ထိန်းချုပ် လွှမ်းမိုး ထားနိုင် မှု အပေါ် ဘာမှ ထိခိုက် စရာ မရှိ ပါဘူး လို့ ဘီဘီစီ သတင်းထောက် တဦး က ပြောပါတယ်။