ပြည်တွင်းစစ်ကြောင့် ရွာပေါင်း တရာကျော် အငတ်ဘေးကြုံတွေ့

  • 12 မေ 2011
Karen refugee
Image caption ကရင်ပြည်နယ် အတွင်း တိုက်ပွဲ တချို့ကြောင့် ထွက်ပြေး တိမ်းရှောင်ကြရသူများ

ကရင်ပြည်နယ် မြောက်ပိုင်း ဖာပွန် ခရိုင် လူသော မြို့နယ် အတွင်း ကျေးရွာပေါင်း တရာကျော်မှာ နေထိုင်ကြတဲ့ လူပေါင်း ကိုးထောင်နီးပါးဟာ စားနပ်ရိက္ခာ အကြပ်အတည်း ပြဿနာ ရင် ဆိုင်ကြုံတွေ့နေကြ ရတယ်လို့ ကရင် လူ့အခွင့် အရေးဆိုင်ရာ အဖွဲ့ (KHRG) ကထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထား ပါတယ်။

ရာသီဥတု မမှန်ကန်မှုကြောင့် လယ်ယာ စိုက်ပျိုးရေးမှာ အခက်အခဲ ကြုံတွေ့ရတာမျိုး ရှိသလို စစ်မက် အန္တရာယ်ကြောင့် အခက်အခဲ ပိုမို ကြီးမားနေတယ်လို့ ဆိုပါတယ်။

စစ်တပ်စခန်းချရာနေရာ၊ တိုက်ပွဲ ဖြစ်ပွားရာနေရာတွေမှာ ကရင်ရွာသားတွေဟာ စိုက်ပျိုးရေး လုပ်ငန်း သွားရောက် လုပ်ကိုင်ဝံ့ခြင်း မရှိဘူးလို့ ဆိုပါတယ်။

Image caption မြန်မာ အစိုးရနဲ့ တိုက်ပွဲ ဆင်နွဲ နေသူ KNU အဖွဲ့

ဒါ့အပြင် စစ်တပ်က ရွာတွေကို မီးရှို့၊ စပါး ကျီတွေကို မီးရှို့တာ၊ ဖျက်ဆီးတာမျိုး တွေကိုလည်း လုပ်တဲ့ အပြင် ကျွဲနွားတွေကို သတ်ဖြတ်တာမျိုးတွေလည်း ရှိတဲ့ အတွက် စားနပ်ရိက္ခာ ပြတ်လပ်မှု အန္တရာယ် ကြုံတွေ့ကြ ရတယ်လို့ ဆိုပါတယ်။

တချို့ရွာတွေမှာ ကလေးငယ်တွေကိုသာ အစာကျွေးနိုင်ပြီး လူကြီးတွေ အငတ်ခံနေကြရတာမျိုးတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

စစ်တပ်က စစ်ဆင်ရေး အတွက် ကားလမ်းဖောက်လုပ်နေတဲ့ နေရာကိုလည်း ရွာသားတွေက ဖြတ်သန်းပြီး မသွားလာရဲတဲ့ အတွက် တခြားအရပ် ဒေသက ဆန်စပါး ဝယ်ယူဖို့လည်း အခက် အခဲကြုံတွေ့နေရတယ်လို့ ကရင် လူ့အခွင့် အရေးဆိုင်ရာ အဖွဲ့ (KHRG) ရဲ့ ကွင်းဆင်း တာဝန်ခံ စောအဲလ်ဘတ်က ဘီဘီစီကို ပြောပါတယ်။