တရုတ်စစ်ဗိုလ်ချုပ်ရဲ့ မြန်မာနိုင်ငံခရီး

China-Burma ဓာတ်ပုံ မူပိုင် BBC Burmese
Image caption တရုတ် စစ်ကော်မရှင် ဒုဥက္ကဌကို ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်က ဂုဏ်ပြုတပ်ဖွဲ့နဲ့ ကြိုဆို

တရုတ် ဗဟို စစ်ကော်မရှင် ဒုတိယ ဥက္ကဌ ဗိုလ်ချုပ်ကြီး Xu Caihou ရဲ့ ခရီးစဉ် အပြီးမှာ တရုတ်နဲ့ မြန်မာ စစ်တပ် အချင်းချင်း ဒီထက်ပိုပြီး ပူးပေါင်း ဆောင်ရွက်မှုတွေ လုပ်သွားမယ်လို့ Xinhua တရုတ် အစိုးရ တရားဝင် သတင်းဌာန ကဖော်ပြပါတယ်။

တကယ်တော့ ဗိုလ်ချုပ်ကြီး Xu Caihou ရဲ့ခရီးစဉ်မှာ အဓိကအားဖြင့် တရုတ် မြန်မာ နယ်စပ်ဒေသက တိုင်းရင်းသား လက်နက်ကိုင်တွေ အရေးနဲ့ အခု လက်ရှိ တည်ဆောက်နေတဲ့ ရေနံ ပိုက်လိုင်း စီမံကိန်း လုံခြုံရေး တွေဟာ အဓိက အကြောင်းအရာတွေ အဖြစ် ပါဝင်နေတယ်လို့ တရုတ်မြန်မာ နယ်စပ် အခြေစိုက် စစ်ရေး အကဲခတ် ဦးအောင်ကျော်ဇောက သုံးသပ်ပါတယ်။

တရုတ်နိုင်ငံဖက်က တိုင်းရင်းသားတွေ အရေးကို လက်နက်နည်းနဲ့ ဖြေရှင်းတာကို မလိုလားဘူးလို့ သူက ဆိုပါတယ်။

ရေရှည်မှာတော့ တရုတ်နဲ့ မြန်မာ နှစ်နိုင်ငံဟာ စစ်ရေး မဟာမိတ် တွေတောင် ဖြစ်လာနိုင်တယ်လို့ ဦးအောင်ကျော်ဇောက ခန့်မှန်း ပါတယ်။

ဒါ့အပြင် မြန်မာပြည်ဟာ တရုတ်နိုင်ငံအတွက် ဒုတိယ ပင်လယ်ထွက်ပေါက်လည်း ဖြစ်နေတာမို့ တရုတ် နိုင်ငံရဲ့ မဟာ ရေတပ် စီမံကိန်း အတွက် ပူးပေါင်း ဆောင်ရွက် မယ့် အစီအစဉ်တွေလည်း ရှိနိုင်တယ်လို့ ပြောပါတယ်။

တရုတ်နိုင်ငံဟာ နျူကလီးယား စွမ်းအင် ထုတ်လုပ်ရေး အပါအဝင် သူ့နိုင်ငံရဲ့ နည်းပညာ တွေကို တခြား နိုင်ငံတွေကို ရောင်းဖို့ စဉ်းစားနေတယ် ဆိုတဲ့ သတင်း တွေနဲ့ ပတ်သက်လို့ တရုတ်နိုင်ငံဟာ လတ်တလောမှာတော့ မြန်မာ နိုင်ငံကို အဲဒီလို နည်းပညာမျိုး တိုက်ရိုက် ရောင်းချဖို့ သိပ်မဖြစ်နိုင်ဘဲ၊ ကမ္ဘာက မြန်မာအစိုးရကို ဒီထက်ပို ပြီး အသိအမှတ်ပြု လက်ခံလာတဲ့ အချိန်မျိုးကို စောင့်လိမ့်မယ်လို့ တရုတ်မြန်မာ နယ်စပ်က စစ်ရေးအကဲခတ် ဦးအောင်ကျော်ဇောက ဘီဘီစီကို ပြောခဲ့ပါတယ်။