နိုင်ငံရေးအကျဉ်းသား သံဃာရဲ့ ကျန်းမာရေး ဆိုး

  • 14 မေ 2011

မြန်မာနိုင်ငံမှာ အစိုးရသစ်တက်လာပြီမို့ နိုင်ငံရေး အကျဉ်းသားတွေ တချို့ကိုတော့ ပြန်လွှတ်ပေးတော့မယ်လို့ ယူဆမျှော်လင့်မှုတွေ ရှိနေပေမဲ့ လွတ်လာသူ တယောက်မှ အခုအထိ မရှိသေးပါဘူး။

ဓာတ်ပုံ မူပိုင် aapp
Image caption နိုင်ငံရေးမှုနဲ့ အကျဉ်းကျနေရတဲ့ သံဃာတော် နှစ်ရာကျော်ရှိ (ဓာတ်ပုံ အေအေပီပီ)

သောကြာနေ့က မြန်မာနိုင်ငံက ပြန်ထွက်ခွါသွားတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အကြံပေး မစ္စတာ ဗီဂျေးနမ်ဘီးယားကလည်း နိုင်ငံရေး အကျဉ်းသား အားလုံး ပြန်လွှတ်ပေးဖို့ ထပ်ပြီး တောင်းဆိုခဲ့ပါသေးတယ်။ ဒီလို တောင်းဆိုနေကြတဲ့ အချိန်မှာပဲ နိုင်ငံရေး အကျဉ်းသား သံဃာတော် တပါးကတော့ ကျန်းမာရေး ဆိုးဝါးနေတဲ့ အချိန်မှာပဲ တိုက်ပိတ်ခံထားရတဲ့ အတွက် အသက်အန္တရာယ် စိုးရိမ် နေရတယ်လို့ အေအေပီပီ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အဖွဲ့က ဆိုပါတယ်။

ဆရာတော် ဦးစန္ဒိမာကို ၂၀၀၉ ခုနှစ် သြဂုတ်လ ၁၁ ရက်နေ့မှာဖမ်းဆီးခဲ့ပါတယ်။ ၂၀၀၉ ခုနှစ် တုန်းက ဒေါ်အောင်ဆန်းစုကြည်ကို ဂျွန်ယက်တော အမှုနဲ့ ရုံးထုတ်တုန်းက အင်းစိန်ထောင် တရားရုံးရှေ့မှာ သွားရောက် အားပေးခဲ့ရာက နေ အဖမ်းဆီး ခံခဲ့ရတာဖြစ်ပါတယ်။ ဖမ်းဆီးပြီးတဲ့ နောက် စစ်ကြောရေးမှာ စစ်ဆေးနှိပ်စက်မှုကြောင့် အူကျရောဂါနဲ့ တခြားရောဂါတွေ ခံစားခဲ့ရတယ်လို့ ဆိုပါတယ်။

သူခံစားရတဲ့ ရောဂါတွေကို သင့်တော်တဲ့ ဆေးကုသခွင့်မရတဲ့ အတွက် ရောဂါအခြေအနေဟာ ပိုဆိုးလာပြီး ဆေးကုသခွင့်တောင်းခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ဆေးကုသခွင့် မရဘဲ သူတောင်းဆိုတာကို အပြစ်ပေးတဲ့ အနေနဲ့ တိုက်ပိတ်ခဲ့တာဖြစ်ပါတယ်။

အခုအခါမှာ ဆရာတော် ဦးစန္ဒိမာဟာ အစာအငတ်ခံ ဆန္ဒပြနေပါတယ်။ သူ့ကို ထောင်ဝင်စာတွေ့ခွင့်လည်း မပေးဘဲ ဖြတ်ထားပါတယ်။ တကယ်တော့ ဆရာတော် ဦးစန္ဒိမာဟာ လျှော့ရက်မရဘဲ နှစ်စေ့ နေရရင်တောင် လာမယ့် သြဂုတ်လ ၁၁ ရက်နေ့မှာ ထောင်က လွတ်ရတော့မှာပါ။ ဒါပေမဲ့ဒီကြားကာလမှာ အသက် သေဆုံးသွားမှာကို မိသားစုက စိတ်ပူနေကြတယ်လို့ အေအေပီပီ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အဖွဲ့ရဲ့ အတွင်းရေးမှူး ကိုတိတ်နိုင်က ဆိုပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး အေအေပီပီ အနေနဲ့ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်တဲ့ အဖွဲ့တွေကို ဆက်သွယ်အကြောင်းကြားထားပြီး မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တောမတ်စ် အိုဟေး ကင်တားနားကို လည်း အသိပေးထားတယ်လို့ ပြောပါတယ်။