ကုလ အရာရှိ ခရီးစဉ် ပြီးဆုံး

  • 13 မေ 2011

ကုလသမဂ္ဂ အတွင်း ရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းရဲ့ မြန်မာ နိုင်ငံ ဆိုင်ရာ အထူး အကြံပေး ပုဂ္ဂိုလ် မစ္စတာ ဗီဂျေး နမ်ဘီးယားရဲ့ သုံးရက်ကြာ မြန်မာ နိုင်ငံ ခရီးစဉ် ပြီးဆုံးသွားခဲ့ပါပြီ။

ဓာတ်ပုံ မူပိုင် Reuters
Image caption အစိုးရကို တိုက်တွန်းချက်တွေ အကြောင်း ရှင်းလင်း ပြောခဲ့

မြန်မာ နိုင်ငံကနေ ပြန်မထွက်ခင် ရန်ကုန် လေဆိပ်မှာ မစ္စတာ နမ်ဘီးယား က သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ရာမှာ ကုလ သမဂ္ဂ အတွင်းရေးမှူးချုပ် ပေးပို့လိုက်တဲ့ စာကို သမ္မတသစ် ဦးသိန်းစိန် အတွက် ပေးအပ် ခဲ့တယ်လို့ သတင်းထောက် တွေကို ပြောခဲ့ပြီး အဲဒီစာမှာ ပါတဲ့ ကုလသမဂ္ဂရဲ့ သဘောထားတွေ ကိုလည်း ရှင်းပြခဲ့ ပါတယ်။

မြန်မာ သမ္မတသစ် ဦးသိန်းစိန်ရဲ့ သမ္မတအဖြစ် ပထမဆုံး ပြောခဲ့တဲ့ မိန့်ခွန်းမှာ ပါတဲ့ စည်းလုံး ညီညွတ်ရေး၊ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး၊ ကောင်းမွန်တဲ့ အုပ်ချုပ်မှု၊ တရား ဥပဒေ စိုးမိုးမှု ဆိုတဲ့ အချက် တွေကို ကြိုဆို တယ်လို့ မစ္စတာ နမ်ဘီးယားက ပြောပါတယ်။

ဒါပေမဲ့ အဓိက သော့ချက်က ပြောတဲ့ အတိုင်း လက်တွေ့ အကောင် အထည် ဖော်ဖို့ ဖြစ်တယ်လို့ သူက အလေးထား ပြောခဲ့ပါတယ်။

အစိုးရသစ်ရဲ့ တာဝန်နဲ့ ရရှိထားတဲ့ အခွင့် အလမ်းကောင်း ကတော့ သူတို့ အာမခံထားတဲ့ အချက်တွေကို လက်တွေ့ အလုပ်တွေ အဖြစ် အသွင်ပြောင်း ပြဖို့ ဖြစ်ပြီး ပြည်တွင်း ကရော နိုင်ငံတကာ ကပါ အဲဒီ အချက်တွေကို လက်တွေ့ အကောင် အထည် ဖော်လာဖို့ မျှော်လင့်ချက် ကြီးကြီး မားမား ရှိကြတယ်လို့ လည်း သူက ပြော ပါတယ်။

မစ္စတာ နမ်ဘီးယားက နိုင်ငံရေး အကျဉ်းသားတွေ အားလုံး လွှတ်ပေးဖို့နဲ့ အရေးကြီးတဲ့ အင်အားစုတွေ အားလုံးပါဝင်တဲ့ တွေ့ဆုံ ဆွေးနွေးရေး တို့ မဖြစ်မနေ လိုအပ်တာကို သူနဲ့ တွေ့ခဲ့သမျှ အစည်း အဝေးတိုင်းမှာ မြန်မာ အစိုးရကို အလေး အနက်ထား တိုက်တွန်း ခဲ့တယ်လို့ ပြောပါတယ်။

ဒါမှသာ ပြည်သူတွေရဲ့ ရေရှည် လိုလားချက်တွေနဲ့ မျှော်လင့်ချက်တွေကို ဖြည့်ဆည်း ပေးနိုင်မှာ ဖြစ်တယ် လို့လည်း ဆိုပါတယ်။

ဒါ့အပြင် သူ့ခရီးစဉ် အတွင်းမှာ မြန်မာ နိုင်ငံခြားရေး ဝန်ကြီး ပြည်ထဲရေး ဝန်ကြီး၊ အမျိုးသား စီမံကိန်းနဲ့ ဖွံ့ဖြိုးရေး ဝန်ကြီး တို့အပြင် လွှတ်တော် ဒုတိယဥက္ကဌ၊ ကြံ့ခိုင်ရေး ပါတီ အတွင်းရေးမှူးတို့နဲ့ တွေ့ဆုံခဲ့ သလို ဒေါ်အောင်ဆန်း စုကြည် အပါအဝင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင်တွေ နဲ့လည်း တွေ့ဆုံခဲ့တယ်၊ ရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်သူ ပါတီတွေနဲ့လည်း တွေ့ဆုံ ခဲ့တယ်လို့ မစ္စတာ နမ်ဘီးယားက ပြောခဲ့ပါတယ်။