သစ္စာ ဂျာနယ် နှစ်ပတ် အပိတ်ခံရ

  • 13 မေ 2011
newspaper ဓာတ်ပုံ မူပိုင် AFP

အပတ်စဉ် ထုတ်နေတဲ့ သတင်း ဂျာနယ် တစောင် ဖြစ်တဲ့ သစ္စာ သတင်း ဂျာနယ်ကို စာပေ စိစစ်ရေးက ထုတ်ဝေခွင့် နှစ်ပတ် ရပ်ဆိုင်းလိုက်တယ်လို့ ရန်ကုန်ကနေ သတင်းတွေ ရရှိပါတယ်။

သမ္မတ ဦးသိန်းစိန် ခေါင်းဆောင်တဲ့ အစိုးရသစ် တက်လာပြီးနောက် True News ဟာ ပထမဆုံး အပိတ်ခံရတဲ့ ဂျာနယ် ဖြစ်လာပါတယ်။

ဆိုင်းငံဖို့ အစိုးရက ပြောထားတဲ့ သတင်းကို ထုတ်မိတဲ့ အတွက် အရေးယူ ခံရတာလို့ ဂျာနယ် တာဝန်ရှိသူ တယောက်က ပြောပါတယ်။

ငွေကျပ် ဆယ့်ငါးသိန်းတန် GSM ဖုံး ရှိသူတွေကို ကျပ်တသိန်း ခြောက်သောင်းလောက်နဲ့ ဖုံးချပေးမယ် ဆိုတဲ့ သတင်းကို မြန်မာ့ ဆက်သွယ်ရေး အင်ဂျင်နီယာချုပ်ကို ကိုးကား ဖော်ပြခဲ့ပြီးနောက် ဆက်သွယ်ရေးက စာပေ စိစစ်ရေးကို ကန့်ကွက်ရာကနေ အပိတ် ခံရတာ ဖြစ်နိုင်တယ်လို့ ဂျာနယ်နဲ့ နီးစပ်သူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ရန်ကုန် တိုင်းဒေသကြီး အစိုးရက သတင်းထောက်တွေကို ခေါ်ယူပြီး၊ အစိုးရကို မထိခိုက်တဲ့ သတင်းတွေ ဆိုရင် လွတ်လွတ် လပ်လပ် ရေးနိုင်တယ်လို့ ပြောခဲ့ပါသေးတယ်။

ဒါ့အပြင် စာပေစိစစ်ရေးက အရာရှိတဦးကလည်း သမ္မတဦးသိန်းစိန်ရဲ့လမ်းညွှန်ချက်အရ စာပေစိစစ်ရေးမူတွေကို ပြင်ဆင်သွားမယ်လို့ မကြာသေးခင် ရက်ပိုင်းအတွင်းကဘဲဘီဘီစီကိုပြောခဲ့ပါသေးတယ်။

ဒါပမေယ့် အစိုးရကို တိုက်ရိုက် ဝေဖန် ရေးသားတာ မဟုတ်တဲ့ သတင်းတပုဒ်ကိုအခြေခံပြီးTrue News ကိုအရေးယူတာ ကြည့်ရင် အစိုးရက ပြုပြင် ပြောင်းလဲပါမယ် ဆိုတဲ့ ကတိတွေဟာ လက်တွေ့တော့ ဖြစ်မလာသေးဘူး ဆိုတာ ထင်ရှားနေတယ်လို့ သတင်းထောက်တွေက မှတ်ချက်ပေးပါတယ်။