ပီနန်းမြို့ ရွှေစေတီကျောင်း ဖွင့်ပွဲ

_penang ဓာတ်ပုံ မူပိုင် penang
Image caption ပီနန်း ဓမ္မိကာရာမ ကျောင်း

မလေးရှားနိုင်ငံ၊ ပီနန်းမြို့၊ ဓမ္မိကာရာမ မြန်မာကျောင်းမှာ မေလ ၁၄ ရက်နေ့က စပြီး ၁၆ ရက်နေ့ အထိ ပီနန်းဆရာတော် ကို အမှူးထားပြီး ရွှေစေတီကျောင်း Golden Pagoda Bell Tower ဖွင့်ပွဲ အခန်းအနား ကျင်းပနေပါပြီ။

ရွှေစေတီကျောင်း တည်ထားပူဇော်ရခြင်း အကြောင်းရင်းကို ကမ္ဘာ့သာသနာပြု ပီနန်းဆရာတော် ဘုရားကြီး ဦးပညာဝံသ ကို လျှောက်ထား မေးမြန်းကြည့်ရာမှာ တချိန်က ဗုဒ္ဓဘာသာ ထွန်းကားရာ နိုင်ငံတွေ အခုအခါမှာ အစ္စလာမ်နိုင်ငံ တွေ ဖြစ်နေလို့၊ ရှေးက ဗုဒ္ဓဘာသာဝင် တွေတည်ထား ဆောက်လုပ် ခဲ့တဲ့ ဗုဒ္ဓအမွေအနှစ် တွေ ကို တနေရာ ထဲမှာ စုပေါင်း ပူဇော် ဂုဏ်ပြု ကျေးဇူး ဆပ်လိုတဲ့ ဆန္ဒ ရှိခဲ့ပုံ ကို ဘီဘီစီ ကို မိန့်တော်မူ ခဲ့ပါတယ်။

နိုင်ငံပေါင်း ၂၂ နိုင်ငံက ဗုဒ္ဓအမွေအနှစ် တွေ ကို စုပေါင်း ဖေါ်ထုတ် ရာမှာ အာဖဂန်နစ်စတန်၊ ပါကစ္စတန်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ အင်ဒိုနီးရှား၊ မလေးရှားနိုင်ငံ နဲ့ ဘူတန်၊ တိဘက်၊ထိုင်း၊မြန်မာ၊ဂျပန် စတဲ့ နိုင်ငံတွေလဲ ပါဝင်ကြောင်း သိရပါတယ်။

အဆိုပါ ဗုဒ္ဓအမွေအနှစ် တွေကို မာဘယ်လ် ကျောက်ပြား တွေနဲ့ ရော၊ ပန်းချီတွေနဲ့ပါ ပုံဖေါ် ပူဇော်ထားတာ ကို ကမ္ဘာ အရပ်ရပ်က လာရောက်ကြည်ညို လိုသူတွေ အဆင်ပြေပြေ ဝတ်ပြုနိုင်အောင်၊ မသန်စွမ်းသူတွေ အတွက်ပါ စီစဉ် ထားတာကို ဆရာတော် ဦးပညာဝံသ က ဘီဘီစီ ကို မိန့်ကြားရှင်းပြ ပါတယ်။

မြန်မာနိုင်ငံ အပါအဝင် နိုင်ငံပေါင်း ၁၅ နိုင်ငံ က အနုပညာ ရှင်တွေကလဲ၊ ဘုရားဖူးတွေကို ဧည့်ခံ ဖျော်ဖြေကြပါတယ်။ ကမ္ဘာ အရပ်ရပ်က ဘုရားဖူး ဧည်သည်တွေ ထောင် ဂဏန်းချီ လာဖို့ရှိကြောင်းလဲ သိရပါတယ်။