ကျားဖေါင်လုပ်သားတွေရဲ့ နောက်ဆုံးအခြေအနေ

ဓာတ်ပုံ မူပိုင် bbc
Image caption ငါးဖမ်း ရေလုပ်သားတွေကို ကော့သောင်းမြို့ဆီ ကယ်လာစဉ်

မတ်လအတွင်းက ဧရာဝတီတိုင်း ဖျာပုံ မြို့နယ်မှာ လေပြင်း တိုက်ခဲ့တာကြောင့် ကျားဖေါင်တွေနဲ့အတူ သောင်းနဲ့ချီတဲ့ ရေလုပ်သားတွေဟာ ရေထဲမျောပါခဲ့ပြီး၊ အများအပြားဟာ အခုအချိန်အထိ ပျောက်ဆုံးနေဆဲဖြစ်ကာ ပြန်ရောက်လာ သူတွေဟာလည်း ဒုက္ခရောက်နေကြရဆဲ ဖြစ်ပါတယ်။

ဖျာပုံမြို့အောက်ဖက် ပင်လယ်ဝမှာရှိကြတဲ့ ကုလားထိပ်၊ ဖုန်းကြီးသောင်၊ ချောင်းဝ စတဲ့ ရွာခြောက်ရွာက ရေလုပ်သား ၁၄၄ ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း၊ ပြီးခဲ့တဲ့ ရက်ပိုင်းက အဲဒီရွာခြောက်ရွာဘက်ကို သွား ရောက်ကူညီခဲ့တဲ့ NLD ပါတီက ဦးကြည်ဝင်းက ဘီဘီစီကို ပြောပါတယ်။

သူရောက်ခဲ့တဲ့ ဒေသတဝိုက်က ရေလုပ်သား ၃၆၀၀ ကျော် ပြန်ရောက်လာခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမယ့်လည်း သူတို့တွေရဲ့ လုပ်ငန်းနဲ့ ပတ်သက်တဲ့ ပိုက်၊ ဖေါင်၊ သင်္ဘောနဲ့ ပစ္စည်းပစ္စယ အားလုံး ပျက်ဆီးသွားတာ ဖြစ်တဲ့အတွက် လုပ်ငန်းတွေ ရပ်ဆိုင်းသွားကာ သူတို့တွေရဲ့ စားဝတ်နေရေး မပြေမလည် ဖြစ်နေကြရတယ်လို့ ဦးကြည်းဝင်းက ပြောပါတယ်။

NLD အနေနဲ့ အဲဒီအလုပ်သမားတွေရဲ့ ကလေးတွေ ပညာရေး ပျက်မသွားရအောင် တအိမ် ထောင်ကို ကျပ်ငွေ ၁၅၀၀၀ ကူညီခဲ့တယ်လို့ ဆိုပါတယ်။

အလုပ်ရှင်ရော အလုပ်သမားတွေပါ ဒုက္ခရောက်နေကြရတာဖြစ်လို့ ဒီကိစ္စကို နိုင်ငံတော်က ကူညီသင့်ကြောင်းနဲ့ အဲဒီက အလုပ်ရှင် ၄၉ ဦးကို လုပ်ငန်းပြန်လည်ပတ်နိုင်အောင် ချေးငွေ ထုတ်ပေးမယ်ဆိုရင် အနောက်ကလိုက်တဲ့ အလုပ်သမားတွေ အတွက်ပါ အဆင်ပြေသွားမှာ ဖြစ်တယ်လို့လည်း ဦးကြည်ဝင်းက ရှင်းပြပါတယ်။