နိုင်ငံရေးအကျဉ်းသားတွေက အခွင့်အရေး တောင်းဆို

Monks
Image caption အခွင့်အရေးတောင်းဆိုသူထဲမှာ ဦးဂမ္ဘီရ (အလံကိုင်ထားသူ) လည်း ပါဝင်

စစ်ကိုင်းတိုင်း၊ ကလေးမြို့ အကျဉ်းထောင် မှာ နိုင်ငံရေးအကျဉ်းသားတွေက ဦးဆောင် ပြီး အကျဉ်းသားအခွင့်အရေး ရရှိရေး အတွက် နိုင်ငံတော်သမ္မတဆီကို လက်မှတ် ရေးထိုး တောင်းဆိုလိုက်ကြပါတယ်။

မြန်မာနိုင်ငံက ထောင်အသီးသီးမှာ ယုံကြည် ချက်ကြောင့် အကျဉ်းကျနေရသူတွေမှာ အကျဉ်းသားအခွင့်အရေးတွေ ဆုံးရှုံးနေတယ် ဆိုပြီးတော့ ကလေးထောင်မှာ ထောင်ဒဏ် ၆၃ နှစ်ကျခံနေရတဲ့ ၂၀၀၇ သံဃာ့လှုပ်ရှားမှုရဲ့ ဦးဆောင်ဆရာတော်တပါးဖြစ်တဲ့ ဆရာတော်ဦးဂမ္ဘီရနဲ့ ဂွမြို့နယ် ၉၀ ရွေးကောက်ပွဲ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးညီပုတို့က ဦးဆောင်ပြီး အကျဉ်းသားအခွင့်အရေး တောင်းဆိုလိုက်ကြတာပါ။

မေလ ၁၁ ရက်ရက်စွဲနဲ့ ကလေးအကျဉ်းဦးစီးကနေတဆင့် နိုင်ငံတော်သမ္မတ၊ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၊ အာဆီယံ နဲ့ အာရှလူ့အခွင့်အရေးကော်မရှင်ကိုပါ ဒီတောင်းဆိုချက်တွေကို မိတ္တူတွဲပြီး ပို့လိုက်တာဖြစ်တဲ့ အကြောင်း သိရပါတယ်။

တောင်းဆိုချက်များ

တောင်းဆိုချက်ပါအချက်တွေနဲ့ အသေးစိတ်ကို မေလ ၁၄ ရက်နေ့က ထောင်၀င်စာတွေ့ခဲ့တဲ့ ဆရာတော်ဦးဂမ္ဘီရရဲ့ အမတော် မခင်သူဌေးက ဘီဘီစီကို ပြောပြပါတယ်။

''ကျန်းမာရေး စောင့်ရှောက်မှု အပြည့်အ၀ ရရှိရေးတဲ့။ အစားအသောက် အသုံးအဆောင်များ အပြည့်အ၀ ခံစားရရှိရေး၊ မိသားစုနှင့် လွတ်လပ်စွာ စကားပြောခွင့် တယ်လီဖုန်း ဆက်သွယ် ခွင့်ပြုရေး၊ နံပါတ် (၄) တရား၀င်ထုတ်ထားသော မည်သည့် စာအုပ်စာတမ်းမဆို လွတ်လပ်စွာ ဖတ်ရှုခွင့်ရရှိရေးတဲ့။ နံပါတ် (၅) ဗီဒီယို၊ ရုပ်မြင်သံကြား မိမိမြို့ရွာဒေသတွင်းရှိ နိုင်ငံတကာမှ ထုတ်လွှင့်သော ဂြိုလ်တုစလောင်း ရုပ်သံလိုင်းများကို လွတ်လပ်စွာ ကြည့်ရှု နားထောင်ခွင့် ရရှိရေးတဲ့။ (၆) အကျဉ်းထောင်လက်စွဲ ဥပဒေပါ အခွင့်အရေးနှင့် ရပိုင်ခွင့်များအားလုံးကိုတဲ့ အပြည့်အ၀ ရရှိရေးအတွက် ကျွနုပ်တို့မှ ပထမအကြိမ် လက်မှတ်ရေးထိုး တောင်းဆိုလိုက်သည်တဲ့။''

ဒီတောင်းဆိုချက်တွေမရဘူးဆိုရင် အစာအငတ်ခံဆန္ဒပြီပြီး အကျဉ်းသားသမဂ္ဂများ တိုးချဲ့ဖွဲ့စည်းသွားမယ်လို့ သိရပါတယ်။

ကလေးမြို့အကျဉ်းထောင်မှာ ဆရာတော်နဲ့ ဦးညီပုအပြင် ၈၈ ကျောင်းသားများအဖွဲ့က ကိုအောင်နိုင်နဲ့ ရှမ်းတိုင်းရင်းသားခေါင်းဆောင် ဦးစိုင်းညွန့်လွင်နဲ့ နိုင်ငံရေးအကျဉ်းသား ၂၀ ကျော်ရှိတယ်လို့ သိရပါတယ်။

နိုင်ငံတကာတိုက်တွန်း

နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့ သောကြာနေ့က မြန်မာနိုင်ငံကနေ ပြန်သွားတဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေးနံဘီးယားကလည်း ဦးသိန်းစိန်ဦးဆောင်တဲ့ အစိုးရကို တောင်းဆိုသွားပါသေးတယ်။

ဒါပေမယ့် သမ္မတသစ်ဦးသိန်းစိန်ရဲ့ အကြံပေးပုဂ္ဂိုလ် ဦးကိုကိုလှိုင်ကတော့ မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားမရှိပါဘူးလို့ ပြောကြောင်း ပြည်တွင်းထုတ် သတင်းဂျာနယ်တွေထဲမှာ ဖော်ပြခဲ့ပါတယ်။