ဒေါ်ရှု မြန်မာ့ဂုဏ်ရည်ဆုရ

အပြည်ပြည်ဆိုင်ရာ မြန်မာမိသားစုများက ပေးအပ်ချီးမြှင့်တဲ့ ဒုတိယ အကြိမ် မြောက် ပြည်သူ့ဂုဏ်ရည်ဆုကို အကျဉ်းကျ သံဃာတော်များအား ထောင်ဝင်စာ တွေ့ပေးသူ စေတနာ့ရှင် လူမှု အကျိုးဆောင် ဒေါ်ရှုက ဆွတ်ခူး ရရှိခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် khl
Image caption ရဟန်းတော်တွေကို ကြည်ညိုလေးစားပြီး အပင်ပန်းခံ ထောင်ဝင်စာတွေ့သူ ကုသိုလ်ရှင်

ဒီဆုကို ပြည်တွင်းတွင် စေတနာ့ဝန်ထမ်းအဖြစ် ကိုယ်ကျိုးစွန့် ဆောင်ရွက်သူများကို နိုင်ငံတကာ ရောက်မြန်မာများက အမည်စာရင်းတင်သွင်းပြီး အဆင့်ဆင့် ရွေးချယ် ချီးမြှင့်တာ ဖြစ်ပါတယ်။

အင်တာနက်မှ မဲပေါင်း ၂၅၀၂၂၈ မဲ ကို နိုင်ငံပေါင်း ၄၀ မှ ပေးခဲ့ကြပြီး၊ ယင်းမဲများမှ ၄၃.၉၁ ရာခိုင်နှုန်းကို ဒေါ်ရှုက ရရှိခဲ့ပါတယ်လို့ ဆုရွေးချယ် ချီးမြှင့်ရေး အဖွဲ့မှ ဦးဆောင်သူ တဦးဖြစ်သူ ကိုထိန်လင်းက ဘီဘီစီကို ယနေ့မနက် အစောပိုင်းက ပြောပါတယ်။

ဆုအဖြစ် ဒေါ်ရှုက အမေရိကန် ဒေါ်လာ တသောင်း၊ ဖန်သားအကြည်ဖြင့် ပြုလုပ်ထားတဲ့ ပြည်သူ့ဂုဏ်ရည်ဆုနဲ့ ဂုဏ်ပြု လက်မှတ်တို့ကို ရရှိမှာ ဖြစ်ပါတယ်။

ဂုဏ်ပြုပွဲ အခမ်းအနားကို အမေရိကန် ပြည်ထောင်စု၊ ဆန်ဖရန် စစ္စကို ဘေးဧရိယာတွင် ပြုလုပ်ပြီး ချက်ချင်း ဆိုသလို ဒေါ်ရှုကို ဆက်သွယ် အကြောင်း ကြားခဲ့သဖြင့် ဒေါ်ရှုကလည်း တယ်လီဖုန်းမှ တဆင့် စကားပြန်လည် ပါးခဲ့တယ်လို့ သိရပါတယ်။

ဒေါ်ရှုလို စေတနာ့ဝန်ထမ်းတွေ အများကြီးက သူတို့ ကိုယ်ကျိုးတွေ စွန့်ပြီး အကူအညီ ပေးနေတာကို တွေ့ရလို့ ကျေးဇူးတင် ဝမ်းမြောက်ပြီး စွမ်းသလောက် ပံ့ပိုးပေး ကြတာ ဖြစ်တယ်၊ အားလုံးအတွက် ဂုဏ်ယူပါတယ်လို့ ကိုထိန်လင်းက ဘီဘီစီကို ပြောပါတယ်။

ဒီပြည်သူ့ဂုဏ်ရည်ဆုကို မနှစ်ကတော့ နာရေးကူညီမှုအသင်း ရန်ကုန်ရဲ့ ဥက္ကဌ ဖြစ်သူ ရုပ်ရှင်သရုပ်ဆောင် ကျော်သူက ရရှိခဲ့ပြီး၊ ဒီနှစ် စကာတင် ငါးဦးကတော့ ဒေါ်ရှု၊ အေအိုင်ဒီအက်စ် ဝေဒနာရှင်တွေကို စောင့်ရှောက်ပေးနေတဲ့ မဖြူဖြူသင်း၊ NLD လူမှုအထောက်အကူပြုအဖွဲ့၊ လူ့အခွင့်အရေး ရှေ့နေ ကိုဖိုးဖြူနဲ့ နိုင်ငံကျော် လူရွှင်တော်နဲ့ လူမှုရေး အကျိုးဆောင် ကိုဇာဂနာတို့ ဖြစ်ပါတယ်။