သမ္မတရဲ့ တိုတိတိုနန့် လျှော့ပေါ့မှု

သမ္မတဦးသိန်းစိန်ရဲ့ အကျဉ်းသားတွေအပေါ် လျှော့ပေါ့ပြစ်ဒဏ် တနှစ်ပေးတာဟာ တိုတိတိုနန့်ဖြစ်နေတယ်လို့ ရန်ကုန်ကဥပဒေအကြံပေး ဦးအောင်သိန်းက ဘီဘီစီကို ပြောပါတယ်။

ဓာတ်ပုံ မူပိုင် AP
Image caption မြန်မာသမ္မတသစ် ဦးသိန်းစိန်

မနေ့က ရက်စွဲနဲ့ သမ္မတက အကျဉ်းသားတွေကို ထောင်ဒဏ်တနှစ် လျှော့ပေးတာ၊ သေဒဏ်ကျခံ ထားရသူတွေကို တသက်တကျွန်းပြစ်ဒဏ် ပြောင်းတာတွေကို အမိန့် ကြေညာချက်နဲ့ အစိုးရ ရုပ်သံနဲ့ ရေဒီယိုကနေ ထုတ်ပြန် ကြေညာ ခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသား ၂၀၀၀ ကျော် ရှိနေတာကို မြန်မာရော၊ ကမ္ဘာကပါ သိတဲ့အကြောင်း၊ ဦးသိန်းစိန်ရဲ့ အခု လုပ်ဆောင်ချက်ဟာ နိုင်ငံရေး အကျဉ်းသား တွေကို လွှတ်ပေးလိုစိတ် မရှိသေးတာကို ပြသနေကြောင်း ဦးအောင်သိန်းက သုံးသပ် ပါတယ်။

နှစ်ရှည်ထောင်ဒဏ်တွေ အပြစ်ပေး ခံထားရတဲ့ နိုင်ငံရေးနဲ့ ကျောင်းသား ခေါင်းဆောင်တွေ ဖြစ်တဲ့ ခွန်ထွန်ဦး၊ စိုင်းညွန့်လွင်၊ မင်းကိုနိုင်၊ ကိုကိုကြီးနဲ့ ကိုဌေးကြွယ် တို့ကို အခုအချိန်မှာ လွှတ်ပေးဖို့ မစဉ်းစားဘူးလို့ ပြဆိုလိုက်တဲ့ ဦးသိန်းစိန်ရဲ့ လုပ်ဆောင်ချက် အပေါ် အားမလို အားမရ ဖြစ်ရတယ်လို့လည်း သူက ဆိုပါတယ်။

Burma Campaign, UK၊ US Campaign of Burma နဲ့ HRW လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့တွေကလည်း ဦးသိန်းစိန်ရဲ့ ကြေညာချက် အပေါ် ပြင်းပြင်း ထန်ထန် ရှုတ်ချ ခဲ့ကြပါတယ်။

လက်ရှိမြန်မာ့နိုင်ငံရေးနဲ့ ပတ်သက်ပြီး တွေ့ဆုံ ဆွေးနွေး အဖြေရှာရေး ဆိုတာကို အကျဉ်းထောင် အပြင်မှာ ရှိတဲ့ လူတွေနဲ့ပဲ လုပ်ဆောင်လို့ မပြီးဘူး၊ နိုင်ငံရေးရဲ့ အခြေခံ အကြောင်းတွေကလည်း အကျဉ်းကျနေတဲ့ တိုင်းရင်းသား နိုင်ငံရေးသမားတွေရဲ့ အဓိက ဆိုင်နေတယ်၊ အခုတော့ ဦးသိန်းစိန်ဟာ ဒါတွေကို မျက်ကွယ်ပြု လျစ်လျူရှု ထားတာကို တွေ့ရတယ်လို့ ဦးအောင်သိန်းက သုံးသပ်ပါတယ်။