အစိုးရ လုပ်ရပ်ဟာ စိတ်ပျက် စရာလို့ ကင်တားနား ဆို

  • 17 မေ 2011
Quintana
Image caption နိုင်ငံရေး အကျဉ်းသား အားလုံးလွှတ်ဖို့ ကင်တားနား က ထပ်မံတောင်းဆို

မြန်မာ သမ္မတ ဦးသိန်းစိန် ရဲ့ လွတ်ငြိမ်း ချမ်းသာ ခွင့် ကြေညာချက် ဟာ လုံလောက်မှု မရှိ သလို စိတ်ပျက် စရာ လည်း ကောင်းတယ် လို့ မြန်မာ နိုင်ငံ လူ့အခွင့် အရေး ဆိုင်ရာ ကုလ သမဂ္ဂ အထူး ကိုယ်စားလှယ် က ပြောလိုက် ပါတယ်။

ထောင်ကျ အကျဉ်းသား အားလုံးကို ထောင်ဒဏ် တနှစ်စီ လျှော့ရက် ပေးလိုက်ပြီး သေဒဏ်အပြစ် ပေးထားသူ တွေကို ထောင်ဒဏ် တသက်အဖြစ် ပြောင်းလဲ သတ်မှတ် လိုက်တယ်ဆိုတဲ့ မြန်မာ သမ္မတ သစ်ရဲ့ ကြေညာချက်ထွက်လာပြီး နောက်ပိုင်း သူက အဲဒီလို ပြောလိုက်တာပါ။

မြန်မာ့ လူ့အခွင့်အရေး အခြေအနေကို လေ့လာဖို့ ထိုင်းနိုင်ငံမှာ ရောက်ရှိနေစဉ် မစ္စတာ ကင်တားနားကို ဘီဘီစီက ဆက်သွယ်မေးကြည့်တော့ သူက ခုလို စပြီး ဖြေခဲ့ပါတယ်။

မစ္စတာ ကင်တားနား။ ။ အခု အချိန်အထိ ကျွန်တော် ရထားတဲ့ သတင်းတွေ အရ၊ လွတ်လာတဲ့ အထဲမှာ နိုင်ငံရေး အကျဉ်းသားက ဆယ်ဂဏန်းဘဲ ရှိပါတယ်။ ဒီပြစ်ဒဏ်ကို တနှစ်လျှော့ပေးတဲ့ ကိစ္စဟာ မလုံလောက်တဲ့ လုပ်ရပ် ဖြစ်သလို စိတ်ပျက် စရာ ကောင်းတယ်လို့ ပြောချင်ပါတယ်။ မလုံလောက်ဘူး ဆိုတာက မြန်မာ နိုင်ငံမှာ နိုင်ငံရေး အကျဉ်းသား ၂၀၀၀ ကျော်ရှိပါတယ်။ အခုလွတ်လာတာက တွက်ကြည့်မယ်ဆိုရင် ဘာမှ မဆိုသလောက် ပမာဏ ဖြစ်တာမို့ ဒါဟာ လုံလောက်တယ်လို့ ပြောမရ ပါဘူး။ နောက်ပြီးတော့ မြန်မာ အစိုးရက ဒီလို လုပ်ဆောင်ခြင်းအားဖြင့် နိုင်ငံရေး အကျဉ်းသား တွေနဲ့ ပတ်သက်လို့ လူ့အခွင့်အရေး ချိုးဖောက် တာတွေ အဆုံးသတ်ဖို့ ဆန္ဒ မရှိတာကို ဖော်ပြတာ ဖြစ်တယ်။ တခါ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး အတွက် ခြေလှမ်း မစတာကို ဖော်ပြတာ ဖြစ်တဲ့အတွက် စိတ်ပျက်စရာ ကောင်းတယ်လို့ ပြောချင် တာပါ။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ဘီဘီစီ။ ။ အခု မြန်မာ အစိုးရသစ်ရဲ့ လုပ်ဆောင်ချက်ဟာ နိုင်ငံတကာ အသိုင်းအဝန်းက ပြောနေတဲ့ နိုင်ငံရေး အကျဉ်းသားတွေ ပြန်လွှတ် ပေးရေး ဆိုတာကို လစ်လျူရှုလိုက်တယ်လို့ ပြောနိုင်လား ခင်ဗျ။

မစ္စတာ ကင်တားနား။ ။ အခု မြန်မာ အစိုးရ သမ္မတသစ်ရဲ့ လုပ်ဆောင်ချက်ဟာ မြန်မာအစိုးရ အနေနဲ့ နိုင်ငံရေး အကျဉ်းသား တွေနဲ့ ပတ်သက်ပြီးတော့ သိပ် ဂရုမထားဘူး ဆိုတာကို ပြလိုက်တာပါ။ နိုင်ငံတကာ အနေနဲ့က ကုလသမဂ္ဂက ဖြစ်စေ၊ အာဆီယံက ဖြစ်စေ၊ နောက်လူထု အခြေပြု အဖွဲ့အစည်း တိုင်းက ဖြစ်စေ၊ အားလုံးက နိုင်ငံရေး အကျဉ်းသားတွေ အားလုံး ချွင်းချက်မရှိ လွှတ်ပေးရေး အပေါ်မှာ သဘောတူ ကြပါတယ်။ ကျွန်တော့် အနေနဲ့တော့၊ မြန်မာအစိုးရကို ထပ်ပြီးတော့ ပြောချင်တာက အခုဆုံးဖြတ်ချက်ဟာ သူတို့ကို ထောက်ခံ လာဖို့အတွက် အကူအညီ ဖြစ်မလာဘူး လို့ဘဲ ပြောချင်ပါတယ်။

ဘီဘီစီ။ ။ အစိုးရ ဘက်ကနေ နိုင်ငံရေး အကျဉ်းသားတွေ အများအပြား၊ ဒါမှမဟုတ် အားလုံးကို လွှတ်ပေးလိုက်မယ်ဆိုရင်၊ နိုင်ငံတွင်းမှာ မတည်မငြိမ် ဖြစ်မှာကို စိုးရိမ် တဲ့အတွက် အခုလို အနည်းအကျဉ်းဘဲ လွှတ်ပေးတယ်လို့ရော မဆိုနိုင် ဘူးလား။

မစ္စတာ ကင်တားနား။ ။ အစိုးရတရပ် အနေနဲ့ တည်ငြိမ်ရေး ဆိုတာကို အကြောင်း ပြပြီး အပြစ်မရှိတဲ့သူတွေကို ထောင်ထဲကို ထည့်ထားလို့ မရပါဘူး။ လူတိုင်းမှာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ လွတ်လပ်စွာ ယုံကြည် ပိုင်ခွင့် ရှိပါတယ်။ တည်ငြိမ်ရေး အတွက် နေရာ ပေါင်းစုံကနေ လုပ်ရမှာ ဖြစ်ပါတယ်။ ဥပမာ၊ ရဲဌာနကနေ ရာဇဝတ်မှု တွေ တည်ငြိမ်ရေး အတွက် ဆောင်ရွက်ရတာ ရှိသလို၊ ဒီမိုကရေစီကို ထိမ်းသိမ်း ဖော်ဆောင်တဲ့ အဖွဲ့အစည်း တွေဘက်က လည်း တည်ငြိမ်ရေး အတွက် အကျိုး ဖြစ်ပါတယ်။ နိုင်ငံရေး အကျဉ်းသားတွေ ဆိုတာက ရာဇဝတ်မှုတွေ ကျူးလွန် ထားတဲ့သူတွေ မဟုတ်ပါဘူး။

ဘီဘီစီ။ ။ မြန်မာ နိုင်ငံမှာ နိုင်ငံရေး အကျဉ်းသားတွေ မလွတ်မြောက် နိုင်တဲ့အရေး ကို နိုင်ငံတကာ အသိုင်းအဝန်းကရော လွတ်လာအောင် ဘယ်လို လုပ်ကြမှာလဲ ခင်ဗျ။

မစ္စတာ ကင်တာနား။ ။ ကျွန်တော့်အနေနဲ့ကတော့ ကုလသမဂ္ဂကို အစီရင်ခံစာ ရေးပါမယ်။ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ဖို့ ဆိုတာကတော့ ကုလသမဂ္ဂ အဖွဲ့ဝင်တွေ ဒီအပေါ်မှာ ဘယ်လောက်ခိုင်ခိုင်မာမာ ရှိသလဲ၊ အာဆီယံ အဖွဲ့ဝင်တွေကရော ဒီအပေါ်မှာ ဘယ်လောက်အထိ ခိုင်ခိုင်မာမာ ရှိသလဲ ဆိုတဲ့အပေါ်မှာ မူတည်ပါတယ်။ ဒီလို နိုင်ငံတကာရဲ့ တုံ့ပြန်မှုတွေက အရေး ကြီးပါလိမ့်မယ်။