နိုင်ငံရေးအကျဉ်းသား အတွေ့အကြုံ

  • 18 မေ 2011
insein_prison ဓာတ်ပုံ မူပိုင် bbc
Image caption ထောင်မှ လွတ်လာသူများ မိသားစုကြို

မြန်မာနိုင်ငံ အကျဉ်းထောင်တွေ ထဲမှာ အကျဉ်းကျနေကြတဲ့ သူတွေကို ထောင်ဒဏ် ၁ နှစ် လျှော့ပေါ့ပေးတယ် ဆိုတဲ့ ကြေငြာချက် ထွက်ခဲ့ပြီးတဲ့ နောက်၊ လွတ်မြောက်လာတဲ့ အကျဉ်းသားပေါင်း တသောင်းခွဲ ကျော် ရှိတဲ့အနက်၊ နိုင်ငံရေး အကျဉ်းသား သုံးဆယ်ကျော် သာ ပါဝင်ပါတယ်။

အဆိုပါ နိုင်ငံရေး အကျဉ်းသားတွေထဲမှာ ၂ဝဝ၅ ခုနှစ်မှာ ထောင်ဒဏ် ၇ နှစ် ကျခံခဲ့ ရတဲ့ ဦးကျော်ဆန်း လဲ တဦး အပါအဝင် ဖြစ်ပါတယ်။ ဦးကျော်ဆန်းဟာ ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲ မှာ ရွေးကောက် တင်မြှောက်ခံ ရတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် လွှတ်တော်အမတ် တဦး ဖြစ်သလို ဗဟိုဦးစီး အဖွဲ့ဝင် တဦးလဲ ဖြစ်ပါတယ်။

သူဟာ ပြီးခဲ့တဲ့ အနှစ် ၂ဝ အတွင်းမှာ လေးကြိမ် ထောင်ထဲ ဝင်ခဲ့ရသူ ဖြစ်သလို အခုတကြိမ် အပါအဝင် စုစုပေါင်း ထောင်တဲမှာ နေခဲ့ရတဲ့ အချိန်တွေ ပေါင်းကြည့်ရင် ၁၅ နှစ် နဲ့ ၅ လ ရှိပါတယ်။

ဦးကျော်ဆန်းက အခုလို လျှော့ရက် ပေးပေမဲ့ သူ့အနေနဲ့ ၁ဝ လ သာ ခံစားခွင့် ရှိခဲ့ကြောင်း၊ သာမန် ခိုးဆိုး ဓါးပြ ပင် လျှော့ရက် တွေ ခံစားခွင့် ပိုမိုရကြောင်း၊ ထောင်ထဲမှာ သွားဝေဒနာ ခံစားရလို့ ကုသခွင့် ချက်ချင်း မရတဲ့ အကြောင်း၊ ရတဲ့ အခါမှာလဲ မိသားစု က အကုန်အကျ ခံရပုံတွေ ဘီဘီစီ ကို ပြောပြပါတယ်။

လွှတ်ပေးတဲ့ အခါမှာ ခံဝန်ချက် တစုံတရာ မရေးခဲ့ရပေမဲ့၊ သူ့အနေနဲ့ နိုင်ငံရေး ကို ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ ဉီးအောင်ရွှေ တို့နဲ့ ဆက်လက် လုပ်ကိုင် သွားမဲ့ အကြောင်းတွေ ဘီဘီစီ ကို ရှင်းပြပါတယ်။