အမေရိကန် အဆင့်မြင့် သံတမန် မြန်မာနိုင်ငံကို ထွက်ခွာ

  • 18 မေ 2011
Joseph Yun ဓာတ်ပုံ မူပိုင် state department
Image caption MrYun ရဲ့ ပြီးခဲ့တဲ့နှစ် မြန်မာခရီးစဉ် အတွင်း မှာလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခဲ့

မြန်မာ သမ္မတသစ် ဦးသိန်းစိန် ဦးဆောင် တဲ့ အစိုးရသစ်နဲ့ ပထမဆုံးအကြိမ် တွေ့ဆုံ ဆွေးနွေးဖို့အတွက် အမေရိကန် အဆင့်မြင့် သံတမန်တဦးကို မြန်မာနိုင်ငံကို ဒီကနေ့ စေလွှတ်မယ်လို့ အမေရိကန် တာဝန်ရှိ ပုဂ္ဂိုလ်တွေက ထုတ်ဖေါ် ပြောဆိုလိုက် ပါတယ်။

အမေရိကန် ဒုတိယ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Joseph Yun ဟာ ၄ရက်ကြာ ခရီးစဉ် အဖြစ် မြန်မာနိုင်ငံကို သွားရောက်မှာ ဖြစ်ပြီး အစိုးရ အဖွဲ့သစ်ဝင် အဆင့်မြင့် ခေါင်းဆောင်တွေ၊ နိုင်ငံရေး ပါတီတွေ၊ တိုင်းရင်းသား လူမျိုးစုတွေ၊ စီးပွားရေး လုပ်ငန်းရှင် တွေနဲ့ တွေ့ဆုံဖို့ ရှိတယ်လို့ အမေရိကန် နိုင်ငံခြားရေး ဌာန ပြောခွင့်ရ ပုဂ္ဂိုလ် Mark Toner က ပြောပါတယ်။

Joseph Yun ဟာ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်နဲ့ တွေ့ဆုံနိုင်ဖို့ မျှော်လင့်ထားတယ်လို့လည်း သိရပါတယ်။

ဒီခရီးစဉ်ဟာ မြန်မာအစိုးရနဲ့ တိုက်ရိုက် ထိတွေ့ ဆက်ဆံဖို့ အမေရိကန် အစိုးရအနေနဲ့ ဆက်လက် စိတ်အားထက်သန်နေဆဲပဲ ဆိုတာကို ထင်ဟပ်ပြတဲ့ ခရီးစဉ် ဖြစ်တယ်လို့ Mark Toner က ပြောပါတယ်။

လွန်ခဲ့တဲ့ ၂နှစ်တာ ကာလအတွင်း တိုးတက် ဖြစ်ထွန်းမှု တစုံတရာ မတွေ့ရပဲ မြန်မာနဲ့ မြောက်ကိုးရီးယား နိုင်ငံအကြား နျူးကလီးယား ပူးပေါင်း ဆောင်ရွက်မှုတွေ ရှိနေတယ် ဆိုတဲ့ စွပ်စွဲ ပြောဆိုမှုတွေကြောင့် စိုးရိမ် မကင်းမှုတွေ ရှိနေတဲ့ ကြားက အမေရိကန် အစိုးရအနေနဲ့ မြန်မာ အစိုးရနဲ့ ဆက်ဆံရေး တိုးတက် လာအောင် ဆက်လက် ကြိုးပမ်း သွားမယ်လို့ သမ္မတ အိုဘားမား အစိုးရက ပြောပါတယ်။