အိန္ဒိယအကျဉ်းထောင်မှ မြန်မာများ လွတ်ပြီ

အိန္ဒိယနိုင်ငံ၊ ကပ္ပလီ ကျွန်းအနီး လန်းဖောကျွန်းမှာ အဖမ်းခံရပြီး ကာလကတ္တား အကျဉ်းထောင်မှာ ကာလရှည်ကြာ ချုပ်နှောင် ခံထားရတဲ့ ရခိုင်နဲ့ ကရင် မြန်မာ ပြည်သား ၃၁ ဦးဟာ ဒီကနေ့ မွန်းလွဲပိုင်းမှာ အကျဉ်းထောင်ကနေ ပြန်လည် လွတ်မြောက် လာပါတယ်။

Image caption နှစ်ရှည်ထိန်းသိမ်းခံ မြန်မာနိုင်ငံသားတွေ ပြန်လွတ်လာလို့ ပျော်ရွှင်နေကြတယ်

တကယ်တော့ အဖမ်းခံထားရသူ စုစုပေါင်း ၃၄ ဦးဖြစ်ပြီး ကျန်တဲ့ သုံးဦးကတော့ လက်ကျန် အမှုတွေ ရှိနေ သေးလို့ မလွတ်သေးဘဲ ပို့ဘလဲယား ကပ္ပလီ ကျွန်းကို ပြန်ပို့ ဦးမှာဖြစ်ပြီး အမှုတွေ ပြီးပြတ်အောင် စစ်ဆေးမယ်လို့ သိရပါတယ်။

ဒီ ၃၄ ဦးဟာ ကရင် အမျိုးသား အစည်းအရုံး KNU နဲ့ ရခိုင် အမျိုးသား ညီညွတ်ရေး တပ်မတော် က ဖြစ်ပြီး၊ အိန္ဒိယ ထောက်လှမ်း ရေးနဲ့ ပတ်သက် လှုပ်ရှားမှု တချို့ ရှိခဲ့တယ်လို့ သတင်းတွေလည်း ထွက်ပေါ်ပြီး နောက်ပိုင်း မှာမှ အဖမ်းခံ ခဲ့ရတာလည်း ဖြစ်ပါတယ်။

မျက်မှောက်ခေတ် မြန်မာ့နိုင်ငံရေး လှုပ်ရှားမှုတွေနဲ့ ဆက်နွယ်နေတဲ့ အခုမြန်မာ ၃၄ ဦး လွတ်မြောက်မယ့် ကိစ္စကို အိန္ဒိယ အစိုးရက ယုံကြည် စိတ်ချစွာနဲ့ လွှတ်ပေးအောင် ဘားမား စင်တာ ဒေလီက တာဝန်ယူ ပေးခဲ့ရတယ်လို့ ဒေလီ အခြေစိုက် အဝေးရောက် ညွန့်ပေါင်း အစိုးရ ဝန်ကြီး တဦးဖြစ်တဲ့ ဒေါက်တာ တင့်ဆွေက မနေ့က ဘီဘီစီကို ပြောခဲ့ပါတယ်။

သူတို့ကို အိန္ဒိယက အကျဉ်းထောင်တွေမှာ ၁၂ နှစ်ကျော် ဖမ်းဆီး ထားတာ ဖြစ်ပြီး၊ လွှတ်ပေး သင့်တာ ကြာပြီ ဖြစ်ပေမယ့် ကုလ သမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာ မင်းကြီး ရုံးက ဒုက္ခသည် အဖြစ် အသိအမှတ်ပြု လက်မှတ် မရသေးတဲ့ အတွက် ထောင်ထဲမှာပဲ ဆက်နေ ခဲ့ရပြီး အခုတော့ လက်မှတ် ရပြီဖြစ်လို့ လွတ်မြောက် ခဲ့တာ ဖြစ်ပါတယ်။