ကချင်ကို အစိုးရစစ်တပ် ပစ်ခတ်

  • 19 မေ 2011
KIA ဓာတ်ပုံ မူပိုင် bbc
Image caption ကေအိုင်အေ လက်နက်ကိုင် စစ်သားများ

ကချင်ပြည်နယ် မိုးမောက် မြို့နယ်ထဲက တာပိန် ရေအားလျှပ်စစ် စက်ရုံနဲ့ မနီးမဝေးမှာရှိတဲ့ ကချင် လွတ်လပ်ရေး တပ်မတော် ကေအိုင်အေ တပ်မဟာ ၅ တပ်ရင်း ၂၅ ရဲ့ လက်အောက်ခံ စခန်းတခုကို မြန်မာ စစ်အစိုးရ စစ်တပ်က လက်နက်ကြီး နဲ့ ခြောက်လှန့် ပစ်ခတ်ခဲ့ ပါတယ်။

ပစ်ခတ်တဲ့ အစိုးရ စစ်တပ်က ခမရ ၃၈၇ ဖြစ်တယ်လို့ ကေအိုင် အေနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ခြောက်လှန့်ပစ်ခတ်ခဲ့တယ်လို့ ယူဆရပေမဲ့ ကေအိုင်အေ ဘက်က စိုးရိမ်ပူပန်တဲ့ အတွက် တပ်လှန့်ထားတယ် လို့လည်း ဆိုပါတယ်။

ကေအိုင်အေ အဖွဲ့ က ဌာနချုပ် လိုင်ဇာမှာ ဒီကိစ္စနဲ့ ပတ်သက်ပြီး အစည်းအဝေး ပြုလုပ်ခဲ့တယ်လို့ လည်း ဆိုပါတယ်။

အခု ပစ်ခတ်မှုနဲ့ ပတ်သက်ပြီး ကေအိုင်အေက မြန်မာ စစ်ဘက်ဆိုင်ရာတာဝန်ရှိသူတွေ ဆီ ကန့်ကွက် စာပို့ခဲ့တယ်လို့ လည်း ဆိုပါတယ်။

ကေအိုင်အေက မြန်မာအစိုးရ တောင်းဆိုတဲ့ အတိုင်း နယ်ခြားစောင့် တပ်ဖွဲ့ အဖြစ် အသွင် ကူးပြောင်းရေးကို ငြင်းဆန်ခဲ့ ချိန်က စပြီး ကေအိုင်အေနဲ့ မြန်မာ စစ်အစိုးရ အကြား အခြေအနေ ပိုမို တင်းမာလာခဲ့ တာလည်း ဖြစ်ပါတယ်။