မြဝတီစာတိုက်အနီးဗုံးပေါက်ကွဲ

  • 19 မေ 2011
ထိုင်းမြန်မာနယ်စပ် မြဝတီနယ်ခြားဂိတ်
Image caption ထိုင်းမြန်မာနယ်စပ် မြဝတီနယ်ခြားဂိတ်

မြဝတီမြို့လယ်က စာတိုက်နားမှာ ချိန်ကိုက်ဗုံးလို့ယူဆရတဲ့ဗုံးတလုံး ပေါက်ကွဲခဲ့ပြီးလူအသေအပျောက်မရှိပါဘူး။

မြို့ခံတယောက် ဘီဘီစီကိုပြောပြတာကတော့ ဗုံးဟာအသံ အတော်ကျယ်ပြီး သူ့အိမ်တောင် တုန်လှုပ်သွားတယ်၊အသံဗုံးဖြစ်မယ်လို့ သူထင်ကြောင်းပြောပြပါတယ်။

အခုမေ၁၉ရက်နေ့ကို ၁၀လကြာပိတ်ထားတဲ့ ချစ်ကြည်ရေးတံတား ပြန်ဖွင့်မယ်ဆိုတဲ့ သတင်းတချို့ကြောင့် လူအများမျှော်လင့် နေချိန်မှာ အခုဗုံးကွဲတာပါ။ ဒီတံတားရဲ့မြန်မာဘက်ခြမ်းကို မြန်မာအာဏာပိုင်တွေက ပိတ်ထားတာဖြစ်ပါတယ်။

တကယ်လို့ တံတားပြန်ဖွင့်မယ်ဆိုရင် ကုန်စည်စီးဆင်းမှုအရ ထိုင်းဘက်က ပိုအမြတ်အစွန်းရနိုင်ပါတယ်။ဒါကြောင့်တံတား ပြန်ဖွင့်တာ မလိုလားသူတွေက ဒီလိုအသံဗုံးဖေါက်ခွဲပြီး အခြေအနေမတည်မငြိမ်ဖြစ်အောင် ဖန်တီးတာ ဖြစ်နိုင်တယ်လို့ နယ်စပ်ရှိအကဲခတ်တွေက ပြောနေကြပါတယ်။